ရခိုင်ပြည်၊ စစ်တွေမြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲများသည် တစ်ပတ်ကျော်ကြာအထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တွေတိုက်ပွဲတွင် နှစ်ဖက်လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်ခြင်းများအပြင် အာဏာသိမ်းစစ်တပ်ဘက်မှ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်း ပြောသည်။
“ အခုလည်း အပြန်အလှန် ပစ်ခတ်တာမျိုး ကြားနေရတယ်။ တိုက်ပွဲက အတော်ပြင်းတယ်လို့ ထင်တယ်။ နေ့တိုင်းပါပဲ။ လက်နက်ကြီးသံတွေ နေ့တိုင်းကြားရတယ်။ အခုအသံကြားရတာ တစ်ပတ်ကျော်လောက်တော့ ရှိပြီ” ဟု မြေပြင်းသတင်းရင်းမြစ်အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့မှ စ၍ စစ်တွေမြို့အနီးတွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး AA က စစ်တွေအခြေစိုက် ရွှေမင်းဂံရေတပ်စခန်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)နှင့် ပါဒလိတ်ရှိတပ်ရင်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။
စစ်တပ်ဘက်မှလည်း စစ်တွေမြို့နယ်အစပ် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများကို ကင်းထောက်ဒရုန်းများဖြင့် ကင်းထောက်ကာ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။
လက်ရှိတွင် စစ်တွေမြို့အနီး တိုက်ပွဲပြင်းထန်နေ၍ မြို့ခံများမှာ အသက်အန္တရာယ် ထိခိုက်လာမည်ကို စိုးရိမ်နေကြကြောင်း ပြောဆိုကြသည်။
“ မြို့အနီးမှာ လက်နက်ကြီး ကျတာတွေရှိတော့ အပြင်ကို ထွက်သွားထွက်လာ သိပ်မလုပ်ကြတော့ဘူး။ ပြီးတော့ အခုတလော ပွဲတို့ လူစုလူဝေး လုပ်တဲ့ နေရာတို့ဆို မသွားရဲဘူး။ အားလုံးကတော့ စိုးရိမ်နေကြတာပေါ့” ဟု စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်အုပ်စုသည် စစ်တွေမြို့ရှိ ကမ်းနားလမ်း၊ ပွိုင့်ကမ်းခြေနှင့် ပင်လယ်ကမ်းခြေ မြို့ပတ်ပတ်လည်၌ ခြံစည်းရိုး တိုးချဲ့ကာရံထားကာ စစ်တွေမြို့ကို AA မဝင်ရောက်နိုင်ရေး ခံစစ်အခိုင်အမာ ပြင်ဆင်ထားကြောင်း သိရသည်။
စစ်တွေမြို့သည် ရခိုင်မြောက်ပိုင်းတွင် စစ်အုပ်စု ထိန်းချုပ်ထားဆဲ တစ်ခုတည်းသော မြို့ဖြစ်ပြီး AA ကလည်း စစ်တွေမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။







