မြဝတီ ဝေါ်လေဗျူဟာမှာ တိုက်ပွဲပြင်းထန်နေ

မြဝတီ ဝေါ်လေဗျူဟာမှာ တိုက်ပွဲပြင်းထန်နေ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်း ဝေါ်လေဗျူဟာကုန်းမှာ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကော်မရှင်ဘက် ဗျူဟာမကျရေးအတွက် လေကြောင်းနဲ့ အပြင်းအထန် ခုခံနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဝေါ်လေဗျူဟာကုန်းကို KNLA တပ်မဟာ ၆ နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့က ပိတ်ဆို့တိုက်ခိုက်နေတာ တစ်နှစ်နီးပါးရှိလာပြီဖြစ်ပြီး ဗျူဟာစခန်းကုန်းရဲ့ ကာကင်းတွေ အားလုံးကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်ရရှိခဲ့ကာ ဗျူဟာပင်မစခန်းကုန်းတစ်ခုသာ ကျန်တော့တာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

KNLA တပ်မဟာ ၆ နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့က ဝေါ်လေဗျူဟာကုန်းကို ပြန်လည်တိုက်ခိုက်မှုတွေ အရှိန်မြင့်လုပ်ဆောင်နေတာကြောင့် ဇွန် ၂ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ကာ ဗျူဟာမကျရေးအတွက် စစ်ကော်မရှင်တပ်က လေကြောင်းပစ်ကူပေး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲချမှုကြောင့် ဝေါ်လေဒေသရှိ ဒေသခံ စစ်ဘေးရှောင်ပြည်သူတွေ ထိုင်းနယ်စပ်နားဘက်ကို ရွှေ့ပြောင်းတိမ်းရှောင်လာရပြီး စစ်ရှောင် ၂၀၀ ဝန်းကျင်ဟာ ထိုင်းနိုင်ငံထဲကို ရောက်ရှိလာကာ ထိုင်းနယ်စပ်တာဝန်ရှိသူတွေက စောင့်ရှောက်ကူညီထားတယ်လို့ ထိုင်းသတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ ဗျူဟာစခန်းဆီ စစ်ကော်မရှင်တပ်က ဇွန် ၃ ရက်နေ့ မနက်ပိုင်းက လေကြောင်းကနေ ပစ္စည်းထုတ်တွေကို ပစ်ချပေးနေပြီး စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြင် ဒရုန်းတွေနဲ့ပါ ဗုံးကြဲချတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဝေါ်လေဗျူဟာကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းက KNLA တပ်မဟာ ၆ နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနှစ် ၂၀၂၆ ခုနှစ် ဇွန်လပိုင်းအထိ စခန်းတစ်ခုလုံးကို မသိမ်းနိုင်သေးပေမယ့် ကာကင်းစခန်းတွေကို သိမ်းပိုက်ရရှိထားပါတယ်။

ဝေါ်လေဗျူဟာစခန်း မကျဖို့အတွက် စစ်ကော်မရှင်တပ်က လေကြောင်းပစ်ကူအားတစ်ခုတည်းကိုသာ အားကိုးအသုံးပြုနေခဲ့ရပြီး ဝေါ်လေဗျူဟာဆီ မြေပြင်စစ်ကူပေးပို့နိုင်ရေးအတွက် မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသကို အခြေပြုကာ စစ်ကော်မရှင်တပ်က ဖလူးဒေသကို ထိုးစစ်အကြီးအကျယ်ပြုလုပ်နေခဲ့တာပါ။

စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို အသုံးပြုပြီး မြဝတီမြို့တောင်ဘက်ခြမ်း ဖလူးဒေသတစ်ဝိုက်မှာ စစ်ကော်မရှင်တပ်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတို့ရဲ့ တုံ့ပြန်တိုက်ခိုက်မှုကြောင့် ၈ လကြာလာတဲ့အထိ ရှေ့ဆက်မတိုးနိုင်သေးဘဲ ထိခိုက်သေဆုံးမှု အများအပြားရှိနေခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

June 4, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးတွေက...
June 3, 2026
တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကော်မရှင်တပ်စခန်းတွေကို...
June 2, 2026
သထုံခရိုင်အတွင်းက မြို့နယ်အခြေစိုက်တပ်တွေမှာ အာဏာသိမ်းစစ်တပ်ဘက်က စစ်ရေးပြင်ဆင်မှု ပိုလုပ်လာပြီး...
ဓာတ်ပုံ-CJ
June 1, 2026
ဘီးလင်းမြို့နယ်အတွင်းက ပြည်သူစစ်အဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်တပ်ဘက်က  ရှေ့တန်းပို့လို့...