ရခိုင်တောင်ပိုင်းက စစ်ရှောင်သုံးထောင်ကျော် အငတ်ဘေးကြုံနေ

ရခိုင်တောင်ပိုင်းက စစ်ရှောင်သုံးထောင်ကျော် အငတ်ဘေးကြုံနေ
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG

ရခိုင်ပြည်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ လူသားချင်းစာနာမှုအကူအညီ မရရှိသဖြင့် စားဝတ်နေရေးအတွက် ဒုက္ခကြုံတွေ့နေကြရကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှု မရှိသလောက် နည်းပါးသည့်ထဲ အလုပ်အကိုင် ကလည်း မရှိသဖြင့် တစ်နေ့တာ စားသောက်ရေးအတွက် အခက်အခဲဖြစ်နေကာ တောင်းရမ်းစားသောက်မှု များလာနေသည်။

“ဒီဘက်တွေမှာက အလုပ်အကိုင်လည်း မရှိ၊ ဝင်ငွေလည်း မရှိတော့ အများအားဖြင့် ဒီက စစ်ဘေးရှောင်တွေက ဝင်ငွေအဆင်မပြေဘူး။ တချို့ဆို ဝင်ငွေမရှိလို့ ကလေးတွေဟာ တောင်းစားသူတွေ များတယ်။ ဂွမှာဆိုလည်း အဲလိုပဲ။ သံတွဲမြို့ထဲမှာလည်း အဲလိုပဲ။ ဈေးထဲမှာ အလှူခံနေလို့ ကြည့်လိုက်ရင် စစ်ဘေးရှောင် ကလေးတွေ များတယ်” ဟု သံတွဲမှ စစ်ဘေးရှောင် အရေးကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ စစ်ဘေးရှောင်များသည် တောတောင်အနီး၊ ဆွေမျိုးသားချင်းနေအိမ်များ၌ နေထိုင်နေကြပြီး အချို့မှာ စစ်ဘေးရှောင်စခန်းထဲ ရောက်နေကြသည်။

စားသောက်ရေးအခက်အခဲနှင့် ရင်ဆိုင်နေရသည်ထဲ အမိုးအကာမလုံခြုံသဖြင့် သဘာဝဘေးဒဏ်ကိုပါ အံတုနေရကာ လုံခြုံနေထိုင်ရေးအတွက်လည်း အကူအညီများ လိုအပ်နေကြသည်။

“မိုးရာသီကိုလည်း ရောက်လာတော့မယ်။ သူတို့မှာ (စစ်ဘေးရှောင်) ပိုက်ဆံမရှိဘူးဆိုမှတော့ အမိုးအကာတွေလည်း မဝယ်နိုင်ဘူး။ စားဝတ်နေရေးအတွက်တောင် မနည်းရုန်းကန်နေကြရတာ။ ဒီဘက်တွေမှာက မြောက်ပိုင်းဘက်တွေမှာလို မဟုတ်ဘူး။ တအားကျပ်တည်းကြတယ်” ဟု သံတွဲမြို့နယ် အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များမှာ ငတ်တလှည့်ပြတ်တလှည့်နှင့် ဖြတ်သလို ဖြတ်သန်းနေကြရပြီး အကူညီထောက်ပံ့မှုများ မရရှိပါက စားဝတ်နေရေး ကိစ္စ ယခုထက် ပိုဆိုးရွားလာနိုင်ကြောင်းလည်း ဆိုကြသည်။

တဖက်တွင်လည်း အခြေခံစားသောက်ကုန်ဈေးနှုန်း အလွန်မြင့်တက်နေသဖြင့် စစ်ဘေးရှောင်များအတွက် ပိုဒုက္ခတစ်ခု ဖြစ်ပေါ်နေပြီး လူသားချင်းစာနာမှုအကူအညီများ ရရှိရန် မျှော်လင့်နေကြသည်။

“ဒီဘက်တွေမှာက အဖွဲ့အစည်းဆို လုံးဝမရှိဘူး။ အဖွဲ့အစည်းဆိုလို့ သုံးဖွဲ့လောက်ပဲ ရှိမယ်။ မြောက်ပိုင်းတွေမှာလို အများကြီး မရှိဘူး။ ဒါကြောင့် စစ်ဘေးရှောင်တွေဟာ အကူအညီ အထောက်အပံ့ရရှိမှု တအားနည်းပါးတယ်။ သူတို့မှာက ဝင်ငွေ မရှိဘူးလေ။ ကြုံရာကျပန်း လုပ်ဖို့အတွက်တောင် အလုပ်အကိုင် မရှိဘူး။ ဒါကြောင့် အဖွဲ့အစည်းတွေလာရင် သူတို့ (စစ်ဘေးရှောင်) တအားပျော်ကြတယ်” ဟု ရမ်းဗြဲမှ စစ်ဘေးရှောင်အရေးကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ၆ သိန်းနီးပါ နေရပ်စွန့်ခွာနေကြရပြီး စားဝတ်နေရေး၊ ကျန်းမာရေးစသည့် အခက်အခဲအမျိုးမျိုးဒဏ်ကို ခံစားနေကြရသည်။

တိုက်ပွဲစတင်ချိန်မှ စ၍ စစ်အုပ်စုက ရခိုင်ဒေသကို ဖြတ်လေးဖြတ် ပိတ်ဆို့ထားမှုကြောင့် ဒေသတွင်း လူမှုဘဝများ ထိခိုက်နစ်နာမှုဖြစ်ပေါ်နေပြီး ထိုအကျိုးဆက်ကို စစ်ရှောင်များကို ပိုထိခိုက်မှုဖြစ်နေသည်။

Most read this week

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...
September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...