ရခိုင်စစ်မျက်နှာကို ကပ်ကွဲရန် စစ်တပ်က တိုင်းမှူး အပြောင်းအလဲလုပ်

ရခိုင်စစ်မျက်နှာကို ကပ်ကွဲရန် စစ်တပ်က တိုင်းမှူး အပြောင်းအလဲလုပ်
AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ် ကျော်စွာဦး နေရာတွင် ဗိုလ်ချုပ်ကျော်စိုးကို အပြောင်းအလဲ ပြုလုပ်ပြီးနောက် ရခိုင်စစ်မျက်နှာတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း စစ်ရေးအကဲခတ်သူများကပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)တိုင်းမှူးသစ်ဖြစ်လာသည့် ဗိုလ်ချုပ်ကျော်စိုးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၄၃ ကျောင်းဆင်းဖြစ်ပြီး လက်ရှိ စစ်တိုင်းမှူးများအထဲတွင် အသက်အငယ်ဆုံး တိုင်းမှူးဖြစ်ကြောင်း သိရသည်။

ယခင်က ကရင်နီပြည် (ကယားပြည်နယ်) ဖယ်ခုံ အခြေစိုက် စကခ(၇) တပ်မမှူးအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်ကြောင်း သိရသည်။

ထို့အတူ နပခတိုင်းမှူးသစ်ဖြစ်လာသူ ဗိုလ်ချုပ်ကျော်စိုးမှာ ကရင်နီဒေသတွင် စစ်ရေးအောင်မြင်မှု အချို့ရှိခဲ့သဖြင့် ရခိုင်တွင်လည်း ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရှိနိုင်ကြောင်း စစ်ရေးအကဲခတ်သူတို့က သုံးသပ်နေကြသည်။ 

CDM ဗိုလ်ကြီးဇင်ယော်က “ သူတိုင်းမှူးဖြစ် ဖြစ်ချင်းမှာဘဲ စစ်တွေမြို့မှာ လုံခြုံရေး တိုးမြှင့်တာ၊ ပစ်ခတ်တာတွေ ရှိလာတယ်။ ရဲဝင်းဦး လက်ထက်မှာ စစ်တိုင်းမှူးတွေ တော်တော်များများ လက်စွမ်းပြလာတာရှိတယ်။ ဆုံးရှုံးနယ်မြေတွေကို ပြန်ရအောင် ကြိုးစားလာကြတယ်။ ကျော်စိုးအနေနဲ့ (အသက်) အငယ်လည်းဖြစ်ပြီး ကရင်နီ ဒေသမှာလည်း စစ်ရေးအရ အောင်မြင်မှုတွေ ရှိလာခဲ့တာဆိုတော့ သူအနေနဲ့ စစ်သွေးကြွပြီးတော့ တိုက်စစ် ဆင်လာတာမျိုးတွေ လုပ်လာနိုင်တာရှိတယ် ” ဟု ပြောသည်။

လက်ရှိတွင် စစ်အုပ်စုသည် စစ်တွေနှင့် အနီးစပ်ဆုံးဖြစ်သော ပုဏ္ဏားကျွန်းမြို့ကို ထိုးစစ်ဆင်ချင်သော်လည်း အာရက္ခတပ်တော်၏ တိုက်ခိုက်မှုစွမ်းရည်နှင့် ဟန့်တားနိုင်စွမ်းကြောင့် စစ်အုပ်စု တိုးမရောက်ဖြစ်နေကြောင်း သိရသည်။

ထို့အတူ အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၇ မတိုင်ခင် ရခိုင်ပြည်က လက်ကျန်မြို့များကို အပြီးသတ်သိမ်းပိုက်မည်ဟု ကြွေးကြော်ထားသဖြင့် လာမည့်ကာလတွင် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။

လက်ရှိတွင် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြပြီး စစ်အုပ်စုက လက်နက်ကြီးများနှင့် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်က ကျေးရွာအချို့ကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“ ဒီနေ့ စစ်တွေစစ်မျက်နှာဟာ နေ့တိုင်းလက်နက်ကြီး ဒရုန်းပစ်ခတ်မှုတွေ ရှိတယ်။ နှစ်ဘက် အပြန်အလှန် ပစ်ခတ်နေတာ။ စစ်တပ်ကတော့ လေကြောင်း၊ ရေကြောင်းပစ်ကူတွေ ပေးနေတယ်။ ဒီနှစ် မိုးတွင်းရာသီမှာ စစ်တွေကို AA က ထိုးစစ်အကြီးအကျယ် လုပ်တော့မယ်လို့လည်း သတင်းတွေ ကြားနေရတယ်။ ဆိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ် ” ဟု ရသေ့တောင်မြို့နယ် မိုးစဲကျွန်းဒေသခံတစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင်လည်း စစ်အုပ်စုသည် ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ချင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့ကနေ ထိုးစစ်ဆင်နိုင်ရန် ကြိုးပမ်းနေပြီး ရခိုင်ပြည်တွင်း ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တို့မှာလည်း အင်အားဖြည့်တင်းမှုများကို ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

လက်ရှိ စစ်ဦးစီးချုပ်ဖြစ်လာသည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် တပ်ချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမင်းအောင်လှိုင်လက်ထက်က ဆုံးရှုံးမြို့နယ်များကို ပြန်လည်သိမ်းပိုက်နိုင်ရန် တိုင်းမှူးများကို အပြောင်းအလဲပြုလုပ်ပြီး နိုင်ငံတစ်ဝန်းလုံးမှာ ထိုးစစ်ဆင်မှုများကို ပြုလုပ်လာနေခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

“ တပ်ချုပ်သစ်ဖြစ်လာတဲ့ ရဲဝင်းဦးက တိုင်းမှူးတွေ အသစ်ပြောင်းပြီးတော့ ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်သိမ်းပိုက်တာတွေ ဆက်တိုက်လုပ်လာနေတာ ရှိတယ်။ ရခိုင်ဖက်ကိုလည်း စစ်ရေးအရ ဖိအားပေးနိုင်ဖို့နဲ့ ထိုးစစ်ဆင်နိုင်ဖို့ ဘက်ပေါင်းစုံက ကြိုးပမ်းလာနေတာ။ ဒါကြောင့် စစ်ဦးစီးချုပ်အသစ်၊ တိုင်းမှူးအသစ်တွေနဲ့ အတူ နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်လာနိုင်ဖို့ပဲ ရှိတယ်” ဟု ရခိုင်စစ်ရေး စောင့်ကြည့်နေသူ တစ်ဦးက ပြောသည်။

ရခိုင်ပြည်၏ အကြီးဆုံး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အမ်းမြို့ကို အာရက္ခတပ်တော်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိတွင် နပခကို စစ်တွေမြို့ရှိ ဒကစဌာနချုပ်သို့ ရွှေ့ပြောင်းထားပြီး ယင်းကတစ်ဆင့် ရခိုင်လက်ကျန် ၃ မြို့ကို ကွပ်ကဲနေခြင်းဖြစ်သည်။ 

စစ်အုပ်စုသည် ၂၀၂၅ ခုနှစ် အလယ်ပိုင်းကတည်းက ရှမ်းမြောက်၊ မန္တလေး၊ စစ်ကိုင်း၊ ချင်း၊ ကရင်၊ တနင်္သာရီတို့ကို မြို့များကို ဆက်တိုက်သိမ်းပိုက်လာနေခြင်းလည်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းရှိ တိုင်းနှင့် ပြည်နယ် ၁၀ ခုမှ မြို့ပေါင်း ၁၀၄ မြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း လက်ရှိတွင် ယင်းအထဲမှ ၁၉ မြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားကြောင်း သိရသည်။

၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...