သျှမ်းတောင်မှာ ဂေါ်ဖီထုပ် ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

သျှမ်းတောင်မှာ ဂေါ်ဖီထုပ် ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုပ် ဈေးနှုန်းကျဆင်းပြီး  တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း  သတင်း ရရှိသည်။

သျှမ်းတောင်တွင် ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး ၊ ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့် အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ 

ယခု မိုးဦးကျရာသီ ဖြစ်သည့် မေလတွင် ဂေါ်ဖီထုပ်များစိုက်ပျိုး ရောင်းချသည့် ရာသီဖြစ်သော်လည်း ၂၀၂၅ခုနှစ်တွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ငွေကျပ် သုံးထောင် အထိဈေးရရှိခဲ့ရာမှ ယခု၂၀၂၆ခုနှစ် မေလတွင် တထုတ်လျှင် ငွေကျပ် ၃၀၀ ဝန်းကျင်သာရရှိသဖြင့်  တောင်သူများအရှုံးပေါ်နေကြောင်း သိရသည်။

ဂေါ်ဖီထုပ်ဈေးကျဆင်းရခြင်းမှာ အခြားဒေသသို့ တင်ပို့ရောင်းချရာတွင် လမ်းကြောတလျှောက် စစ်ဆေးမှု တင်းကြပ်နေပြီး အချိန်မကြာမြင့်ကာ ကုန်စိမ်းများ ပုတ်သိုးခြင်းနှင့်၊ သီးနှံများ မလတ်ဆတ်မှုကြောင့် ပွဲရုံများ စျေနှိမ်ဝယ်ယူခြင်းများကြုံတွေ့ရကြောင်း ပင်းတယဒေသခံ တောင်သူတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

ထို့ပြင် စက်သုံးဆီစျေးနှုန်းလည်း တရိပ်ရိပ်တက်လာခြင်း၊ သီးနှံ စိုက်ပျိုးရာတွင် ဓာတ်မြေသြဇာ စျေးနှုန်း လည်း တက်လာသဖြင့် တောင်သူများ အတွက် အခက်အခဲများရင်ဆိုင်နေရကြောင်း ၎င်းကပြောသည်။ 

"တစ်ထုပ်မှ သုံးရာတည်းနဲ့ ဘာသွားလုပ်စားရမှာ။ မြေဩဇာဖိုးတောင် ပြန်မရဘူး၊ အရင်းလည်း ပြန်မရမဲ့အတူတူတော့ ဓားနဲ့ခုတ်ပစ်ပြီး မြေဩဇာရအောင် ပြန်လုပ်ထားတယ်၊ ဒီနှစ်က တော်တော်ကို ကျပ်တည်းတာ။ ဘာမှ မစိုက်စားချင်တော့ဘူး။ ဂေါ်ဖီထုပ်အစား ခရမ်းချဉ်စိုက်မလို့လုပ်နေတာ။ အဲဒါပါထပ်ရှုံးရင်စားစရာ မကျန်တော့ဘူး။"ဟု ၎င်းတောင်သူက ဆိုသည်။

ဂေါ်ဖီထုပ်အချို့ကို ပင်းတယဈေးနှင့် အနီးနားကျေးရွာများတွင် အနည်းငယ်လိုက်ရောင်းသူများလည်း ရှိကြောင်းနှင့် စစ်ရှောင်များအတွက် လာရောက်အလှူခံသူများကိုလည်း ပေးလှူခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ 

အလားတူ ရွာငံမြို့နယ်နှင့်အောင်ပန်းမြို့ဘက်တွက်လည်း ဂေါ်ဖီထုပ်စိုက်ခင်းများကို ဓားဖြင့်ခုတ်ပစ်နေရပြီး ဂေါ်ဖီထုပ်အစားထိုး  ပြောင်းနှင့်မြေပဲကို ပြန်လည်စိုက်ပျိုးနေကြကြောင်း သိရသည်။

ထို့အပြင် ပင်လောင်းမြို့နယ်ဘက်တွင် ပြီးခဲ့သည့် မေလ ၂၃ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြောင်းခင်းများ၊ဂေါ်ဖီထုပ်ခင်းများ နှင့် ခရမ်းချဉ်သီးခင်းများ ရေမြုပ်ပျက်စီးခဲ့ပြီး ကျန်ရှိသည့်ဂေါ်ဖီထုပ်စိုက်ခင်းများလည်း ဈေးမရသောကြောင့် ဓားဖြင့်ခုတ်ပစ်နေရကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

"မိုးရွာတော့ တောင်ကျရေကြောင့်မို့ စိုက်ခင်းအကုန်ရေမြုပ်၊ မမြုပ်ဘဲ ကျန်တဲ့ ဂေါ်ဖီထုတ်ကျတော့ ဈေးကမရှိ ကျနော်တို့ တောင်သူတွေ ဘဝပျက်နေပြီ။ အရင်းလည်းမကျန်တော့ဘူး။ နောက်နှစ်အတွက်ကြိုပြီး ရင်မောနေရပြီ။"ဟု ပင်လောင်းဒေသခံ အမျိူးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ခုနှစ်တွင် ကုန်စိမ်းသီးနှံစျေးနှုန်းများ ဈေးအတက်အကျရှိခဲ့သော်လည်း ခရမ်းချဉ်သီး‌ ဈေးကောင်း ရခဲ့သဖြင့်  တောင်သူများ အဆင်ပြေခဲ့ကြပြီး ခရမ်းချဉ်သီးစိုက်ပျိုးမှု ပိုမိုများပြားလာခဲ့ကြောင်း  ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ဒေသအတွင်း နိုင်ငံရေးအခြေနေ မတည်ငြိမ်မှုနှင့် လမ်းကြောစစ်ဆေးရေးတင်းကြပ်မှု၊ စက်သုံးဆီစျေးတက်မှုများကြောင်း စိုက်ပျိုးတောင်သူများအတွက် ဆုံးရှုံးမှုသည် တနှစ်ထက် တစ်နှစ်ပိုပြီး ထိခိုက်လာသည်။

May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...