ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အနီးမှာ ချင်းတော်လှန်ရေးတပ်နှင့် အာဏာသိမ်း စစ်တပ်တို့ကြား အပြန်အလှန် ထိုးစစ်ဆင်မှုများဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
ချင်း- မကွေးအစပ်၊ ဆောဒေသမှတဆင့် ကန်ပက်လက်မြို့သို မေလ ဒုတိယပတ်မှစတင်ပြီး အင်အားအလုံးအရင်းဖြင့် ဒရုန်းပစ်ကူ၊ လေကြောင်းပစ်ကူအများအပြား အသုံးပြု၍ စစ်တပ်က ထိုးစစ်ဆင်လာသည့်အတွက် ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရသည်။
“အဲဒီမှာ တိုက်ပွဲတွေကတော့ ဆက်လက် ပြင်းထန်နေပါတယ်။ အခုတခေါက်မှာ စစ်တပ်ရဲ့ ဒရုန်းတွေက အရင်နဲ့ မတူဘူး။ အတော်ကြောက်စရာကောင်းလာတယ်။ လေကြောင်းတိုက်ခိုက်မှုလည်း အပြင်းအထန် လုပ်တယ်။ အရင်ရက်က ၆ မိုင်ရွာရဲ့အပေါ်ကို တက်လာနိုင်ပြီးတော့ မြတ်နိုးသူကွေ့ကို ကျော်လာတယ်။ ကန်ပက်လက်မြို့ ကြိုဆိုပါ၏ ဆိုင်းဘုတ်နားအထိ စစ်တပ်က ရောက်လာတယ်။ အဲဒါ ချင်းပူးပေါင်းတပ်က ထိုးစစ်ဆင်တော့ ၆ မိုင်ရွာဘက်ကို ပြန်နောက်ဆုတ်ရတယ်လို့ ကြားတယ်။ ဒီနေ့ နောက်ဆုံးအခြေအနေကတော့ မသိရသေးဘူ” ဟု ချင်းတောင်ပိုင်းမှ ဒေသခံ စစ်ရေးရင်းမြစ်တစ်ဦးက ပြောသည်။
စစ်တပ်က လက်ရှိမှာ အခိုင်အမာ နေရာယူထားသော ၆မိုင်ရွာသည် ကန်ပက်လက်မြို့စည်ပင်သာယာနယ်နိမိတ်အရ မြို့ဧရိယာထဲပါဝင်သည့် အိမ်ခြေအနည်းငယ် ရှိသော ကန်ပက်လက်- ဆောလမ်းမအနီးက ရွာဖြစ်သည်ဟု သိရသည်။
၂၀၂၄ နှစ်ကုန်ပိုင်းမှာ ကန်ပက်လက်မြို့ကို ချင်းညီနောင်အဖွဲ့က ထိုးစစ်ဆင်သိမ်း ပိုက်ခဲ့ပြီးနောက် တစ်နှစ်ခွဲကျော်အကြာမှာ စစ်တပ်က မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် အင်အား ၁၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု သိရသည်။
နှစ်ဖက် မြေပြင်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာမှ လက်ရှိတွင် စစ်ကောင်စီတပ်များသည် ကန်ပက်လက်မြို့အနီး တစ်မိုင်ခန့်အကွာထိ ရောက်ရှိလာပြီဟု စစ်ရေးလေ့လာစောင့်ကြည့်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“ကန်ပက်လက်နဲ့ ဆောကြားမှာ မြေပြင်ထိတွေ့ တိုက်ပွဲတွေ တွေ့ရတယ်။ ကန်ပက်လက်နဲ့က တစ်မိုင် မပြည့်တတ်တော့ဘူး။ အဲဒီနားမှာ အပြင်းအထန် တိုက်ပွဲဖြစ်နေတယ်။ ဒီနေ့လည်း လေကြောင်းပစ်ကူတွေနဲ့ ယူပြီး လုပ်နေတာ ဆိုတော့ ကန်ပက်လက်မြို့ထဲကိုတော့ မကြာခင် စစ်တပ် စစ်ကြောင်းတွေ ရောက်သွားနိုင်ခြေရှိတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
မေလ ၂၅ ရက် နံနက် ၅ နာရီနှင့် ၅ နာရီခွဲခန့်တွင် ကန်ပက်လက်မြို့နှင့် မြို့နယ်ထဲက နေရာများကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ချင်းတောင်ပိုင်းဒေသခံတချို့ထံမှ သိရသည်။
မေလ ၂၄ ရက် ညသန်းခေါင်အချိန်မှာလည်း ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့အနီးနေရာများကို စစ်တပ်သည် ဂျက်ဖိုက် တာများဖြင့် ဗုံး ၂ လုံးစီ ကြဲချတိုက်ခိုက်ကြောင်းသည်ဟု သိရသည်။
မေလ ၂၄ ရက် နေ့လယ်ပိုင်းမှာ ကန်ပက်လက်မြို့က နေရာများကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး မနက်ပိုင်းမှာ မတူပီမြို့ဘက်ကို လေကြောင်း ဗုံးကြဲမှု ၁၀ ကြိမ်ခန့် ပြုလုပ်သည်ဟု သိရသည်။
ယောဒေသ၊ ကျောက်ထုမှ မင်းတပ်မြို့သို့ အင်အားအလုံးအရင်းဖြင့်လည်း စစ်တပ်သည် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
CDF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား ချင်းတောင်ပိုင်း၊ ယောဒေသနှင့် ပုံတောင်ပုံညာ နေရာတို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁၀ ရက်ဝန်းကျင် ရှိပြီဖြစ်ဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ထံမှ သိရသည်။
မြေပြင်တိုက်ပွဲများလည်း အပြင်းအထန် ဖြစ်ပွားနေပြီး စစ်တပ်သည် မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့များက စစ်ဘက်၊ အရပ်ဘက် ပစ်မှတ်များကို မနားတမ်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ကိုယောမာန်ထံမှ သိရသည်။
ချင်းပူးပေါင်းတပ်ဖွဲ့ CPU/ CPA က ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းမှ ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့များကို မေလ ၁၁ ရက်မှ ၂၂ ရက်၊ ၁၀ ရက်တာအတွင်း စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ရာ မွေးကင်းစ ၄ရက်သား ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိနေသည်ဟု သိရသည်။







