“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊ အပြန်အလှန်လေးစားအသိအမှတ်ပြုရေးအပေါ်မှာ များစွာအနှောင့်အယှက်ဖြစ်စေတယ်လို့ဦးခိုင်သုခဆို”
မေလ၁၈ ရက်နေ့က ထုတ်ပြန်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRWရဲ့ ထန်လျောက်ခံ အစီရင်ခံစာအပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် ( ULA/AA)ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။
နိရဉ္စရာက HRW ရဲ့ ထန်လျောက်ခံ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက ခုလိုပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
“ မကြာခင်ကထုတ်ပြန်လိုက်တဲ့ HRW ရဲ့ Report နှင့်ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။ ဒါဟာအခြေမမြစ်မရှိ လုပ်ကြံဖန်တီး မတရားစွပ်စွဲရေးသားထားတာဖြစ်ပါတယ်” လို့ ဦးခိုင်သုခ တုံ့ပြန် ပြောဆိုပါတယ်။
ဒီအစီရင်ခံစာဟာ လူမျိုးရေးဘာသာရေး အမုန်းတရားတွေတိုးပွားလာအောင်၊ ပဋိပက္ခတွေဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိနှင့်ကြံစည်လုပ်ဆောင်နေကြတာဖြစ်တယ်လို့လည်းဆိုပါတယ်။
“ အဓိကကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် အာရက္ခဒေသထဲမှာ တည်ငြိမ်လာတဲ့ လူမျိုးရေး၊ ဘာသာရေးသဟဇာတဖြစ်မှုတွေအပေါ်မှာ မနာလိုမရှုစိမ့်ဖြစ်နေတဲ့ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတချို့က လူမျိုးရေးဘာသာရေး အမုန်းတရားတွေတိုးပွားလာအောင်၊ ပဋိပက္ခတွေဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိနှင့်ကြံစည်လုပ်ဆောင်နေကြတာဖြစ်ပါတယ်” လို့ပြောပါတယ်။
ဒီလိုလုပ်ဆောင်ချက်တွေကြောင့် လူမျိုးပေါင်းစုံချစ်ကြည်ရေး၊ အပြန်အလှန်လေးစားအသိအမှတ်ပြုရေးအပေါ်မှာလည်း များစွာအနှောင့်အယှက်ဖြစ်စေတယ်လို့ဦးခိုင်သုခက ပြောပါတယ်။
“ ဒါဟာ အေးချမးစွာနေထိုင်နေကြတဲ့ မူဆလင်အသိုင်းအဝိုင်းအပေါ်မှာ မယုံကြည်မှုတွေဖြစ်စေနိုင်သလို ကျနော်တို့ ULA/AA ကကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊ အပြန်အလှန်လေးစားအသိအမှတ်ပြုရေးအပေါ်မှာလဲ များစွာအနှောင့်အယှက်ဖြစ်စေပါတယ်” လို့ ပြောဆိုသွားပါတယ်။
ထန်လျောက်ခံရွာသားတွေ စစ်ပွဲအတွင်းအသတ်ခံရမှု မရှိကြောင်း အကြိမ်ကြိမ် ရှင်းပြခဲ့ပြီလို့လည်း သူက ပြောဆိုပါတယ်။
“ သူတို့ မတရားလုပ်ကြံစွပ်စွဲရေးသားနေကြတဲ့ ထန်လျောက်ခံရွာသားတွေ စစ်ပွဲအတွင်းအသတ်ခံရတယ်ဆိုတဲ့ကိစ္စနှင့်ပတ်သက်ပြီးတော့လဲ ကျနော်တို့ ဒီလိုဖြစ်စဉ်မျိုးလုံးဝမရှိခဲ့ပါဘူးဆိုတာကို သတင်းသမားတွေကိုခေါ်ပြီးတော့ အထောက်အထားအခိုင်အမာနှင့် အကြိမ်ကြိမ်ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။”
၎င်းပြင် ထန်လျောက်ခံရွာတွင် လူဦးရေစာရင်း အတိအကျဖြင့် မှတ်တမ်းတင်ထားလို့ရှိတယ်လို့လည်း ပြောပါတယ်။
“ အဲဒီထန်လျောက်ခံရွာရဲ့ အိမ်ထောင်စု၊ လူဦးရေစာရင်းအတိအကျကို ယခင်ကဘယ်လောက်ရှိခဲ့တယ်၊ အခုဘယ်လောက်ရှိတယ်၊ ဘယ်နှစ်ယောက် ဘယ်နေ့က ဘယ်ရွာကိုပြောင်းသွားတယ်၊ ဘယ်နှစ်ယောက် ဘယ်နေ့ကပြည်ပထွက်ခွာသွားတယ် စသဖြင့် စာရင်းအတိအကျအခိုင်အမာမှတ်တမ်းတင်ထားတာရှိပါတယ်” လို့လည်း ပြောဆိုပါတယ်။
တချို့ နိုင်ငံတကာမှာULA/AA အပေါ်မှာအထင်အမြင်တွေလွဲလာအောင် မတရားလုပ်ကြံစွပ်စွဲတိုက်ခိုက်နေကြတာသာဖြစ်တယ်လို့လည်းပြောပါတယ်။
“ သူတို့ဖော်ပြစွပ်စွဲနေတဲ့အရိုးစုတွေဆိုတာကလဲ တိုက်ပွဲအတွင်းမှာကျဆုံးသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့အရိုးစုတွေဘဲဖြစ်ပါတယ်။ တချို့အရိုးစုတွေမှာ စစ်ဝတ်တန်ဆာတွေ၊ ခြေထောက်က စစ်ဖိနပ်၊ ခေါင်းမှာဆောင်းထားတဲ့ ကျည်ကာဦးထုတ်တွေကအစ အထင်းသားရှိနေပါသေးတယ်။ ဒါကို ပြည်ပရောက်မူဆလင်တက်ကြွလှုပ်ရှားသူအမည်ခံ အကြံသမားတွေက အရိုးစုတွေအပေါ်မှာ မူဆလင်အမျိုးသမီးအဝတ်အစားတွေတင်ပြီး လုပ်ကြံဖန်တီးဓါတ်ပုံရိုက်ပြီးတော့ နိုင်ငံတကာမှာကျနော်တို့ ULA/AA အပေါ်မှာအထင်အမြင်တွေလွဲလာအောင် မတရားလုပ်ကြံစွပ်စွဲတိုက်ခိုက်နေကြတာသာဖြစ်ပါတယ်။”
နောက်ဆုံးအနေနဲ့အခြေအမြစ်မရှိ လုပ်ကြံ Report ထုတ်နေတဲ့သူတွေကို ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြဖို့ကိုလည်း တိုက်တွန်းသွားခဲ့ပါတယ်။
“ ဒီလိုမတရားလုပ်ရပ်မျိုးဟာ တဖက်နှင့်တဖက် အမုန်းတရားတွေတိုးပွားလာနိုင်တယ်၊ ငြီမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကိုထိခိုက်နိုင်တယ်၊ ဒါကြောင့် အေးချမ်းစွာနေထိုင်လိုတဲ့မူဆလင်အသိုင်းအဝိုင်းတွေအနေနှင့်လဲ ပြည်ပရောက် မူဆလင်တက်ကြွလှုပ်ရှားသူအမည်ခံအဖွဲ့တွေနှင့် အခြေအမြစ်မရှိ လုပ်ကြံ Report ထုတ်နေတဲ့သူတွေကို ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြဖို့တိုက်တွန်းလိုပါတယ်”လို့ ပြောဆိုသွားပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ကဘူးသီးတောင်မြို့နယ်၊ ထန်ရှောက်ခံရွာသား ၁၇၀ ကျော်ကို အာရက္ခတပ်တော် (AA)က သတ်ဖြတ်ခဲ့တယ်လို့ မေလ ၁၈ ရက်နေ့က အစီရင်ခံစာထုတ်ပြန်တဲ့ အပေါ် AA ပြောခွင့်ရသူ ဦးခိုင်သုခ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
HRW ရဲ့ အစီရင်ခံစာမှာတော့ ထန်လျောက်ခံ ဖြစ်စဉ်ဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပြီး ဒါဟာစစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်လို့လည်း ဆိုထားပါတယ်။
ထုတ်ပြန်လာတဲ့ အစီရင်ခံစာကို တော့ HRW "အရိုးစုတွေနဲ့ ဦးခေါင်းခွံတွေက နေရာတိုင်းမှာပြန့်ကြဲနေတယ်" (Skeletons and Skulls Scattered Everywhere) လို့အမည်တပ်ခေါင်းစဉ်ပေးထားတာကိုတွေ့ရပါတယ်။
ဒီအစီရင်ခံစာကို မျက်မြင်သက်သေ ၄၁ ဦးကို မေးမြန်းထားသလို ဂြိုဟ်တုဓာတ်ပုံတွေလူမှုကွန်ရက်ပေါ်က ရုပ်သံဖိုင်တွေအပါအဝင် ကျွမ်းကျင်သူတွေရဲ့ ခွဲခြမ်းစိတ်ဖြာစိစစ်ချက်တွေအခြေခံပြီး ဖေါ်ထုတ်ထားတာဖြစ်တယ်လို့HRW ဆိုထားပါတယ်။
ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုစွပ်စွဲမှု အပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က ငြင်းဆိုထားတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းထားပါတယ်။







