ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း ပတ်ဝန်းကျင်တွင်ဖြစ်ပွားနေသော တိုက်ပွဲတွင် မြန်မာအာဏာသိမ်းစစ်တပ်မှ အကျဆုံးများနေပြီး ထိုးစစ်ကနေ ခံစစ်အနေအထားသို့ ပြောင်းလဲသွားပြီးနောက် လေကြောင်းက လေယာဉ် ၅ စီးဖြင့် အသည်းအသန်ခုခံနေရသည်ဟု သတင်းရရှိသည်။
ဒေသခံ စစ်ရေးသတင်းရင်းမြစ်က"မနက်ကတည်းက ဖြစ်နေတာ၊ နေ့လယ်ဖက်ရောက်တော့ အထိခိုက်များနေပုံရတယ်။လေကြောင်းက စစ်ပွဲ ဧရိယာဝန်းကျင်ကို လာပစ်ကူတယ်"ဟု နိရဉ္စရာကို ပြောသည်။
တောင်မော်ဉီးရေတပ် ပတ်ဝန်းကျင်ကို ယနေ့ မေလ ၁၈ ရက် နေ့လယ် အချိန်တွင် ဂျက်ဖိုက်တာ ၄ စီး၊ Y12 တစီးဖြင့် လာရောက်ပြီး စစ်ကူပေးခဲ့သည်ဟု ဆိုသည်။
အာရက္ခတပ်တော် ထိန်းချုပ်ထားသောနေရာများကို စစ်အင်အားအလုံးအရင်းဖြင့် အာဏာသိမ်းစစ်တပ်မှ မေလ ၁၀ နေ့ကစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သဖြင့်AA ကလည်း တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။
“ အဝတောင်ရွာ ကာကင်းစခန်းကို AA ကဆက်လက်ပြီး လိုက်လံကာ ထိုးစစ်ဖြင့်ချေမှုန်းစဉ်အကျဆုံးများလာတဲ့အတွက် အခုလို လေကြောင်း၊ရေကြောင်း၊လက်နက်ကြီး၊ဒရုန်းပါ အစုံပစ်ကူနေရတယ်” ဟု ၎င်းစစ်ရေးရင်းမြစ်က ဆက်လက်ပြောသည်။
ပထမ နေဗီများမှ လက်နက်ကြီးများဖြင့် ပစ်ကူသလို ဒရုန်းများဖြင့်လည်း တိုက်ခိုက်ကြောင်း၊ သို့သော်လည်း AA ၏ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်မှုကို မဟန့်တားနိုင်သဖြင့် လေယာဉ်များကိုပါ နောက်ထပ် အသုံးပြု တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
"ပထမ ခါတော့ တိုက်ပွဲတွင်းကိုဒရုန်း၊လက်နက်ကြီး ၊နေဗီပစ်ကူတယ်။ဒီနေ့ထိ မရတော့ဘူးထင်တယ်.လေယာဉ် ၅ စီးတောင်လာပစ်ကူရတယ်"ဟုဆက်လက်ပြောဆိုသည်။
ပထမ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်း အဝတောင်နှင့် မျော့ချောင်းကြားတွင် အကျဆုံးများပြီး ဒဏ်ရာရစစ်သည်များကို ဆွဲထုတ်ကာ ကျန်ရှိနေသည့်စစ်သားများမှ နောက်တန်းကစစ်ကူလာသည့် စစ်ကြောင်းနှင့်ပေါင်းပြီး AA ကိုတိုက်ခိုက်နေသော်လည်းအကျဆုံးများဖြင့်သာဆက်လက် ရင်ဆိုင်နေရကြောင်းသိရှိရသည်။
အာဏာသိမ်းစစ်တပ်၏ ထိုးစစ်မှာ ယခုခံစစ်အနေထားသော ပြောင်းသွားပြီဖြစ်ကာတောင်မော်ဦးရေတပ်လုံခြုံရေးယူထားသော နောက်ချန် စစ်သားများကိုစခန်းကို ကာကွယ်ရန် ထွက်တိုက်နေရသောအခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။







