မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို အာရက္ခတပ် တော် (AA) က နည်းပညာ သာလွန်မှုဖြင့် ဖျက်ချနိုင်ခဲ့ကြောင်း စစ်ရေးရင်းမြစ်များက ပြောသည်။
ထိုသို့ ဖျက်ချရာတွင် တိုက်ပွဲအတွင်း ဗုံးကြဲနေသည့် ဒရုန်းများအပါအဝင် စားနပ်ရိက္ခာနှင့် ထောက်ပို့ပစ္စည်းများ ပို့ဆောင်ပေးနေသည့် အကြီးစား ဒရုန်းများပါ ပါဝင်ကြောင်း AA နှင့် နီးစပ်သည့် စစ်ရေးရင်းမြစ်များက နိရဉ္စရာ သို့ ပြောသည်။
လက်ရှိတွင် စစ်အုပ်စုတပ်သည် ခမောက်တောင်နှင့် မြေလပ်ကျေးရွာများ၌ ဝင်ရောက်နေရာယူထားပြီး လက် နက်ကြီး အထိုင်စခန်း၊ ဒရုန်းအထိုင်စခန်းနှင့် ထောက်ပို့အထိုင်စခန်းများ တည်ဆောက်ထားကြောင်းဆိုသည်။
“သူတို့ အာဏာသိမ်းစစ်တပ်က အင်အား ၅၀၀ ဝန်းကျင်နဲ့ တပ်ဖြန့်ခွဲပြီးခမောက်တောင်နဲ့ မြေလပ်ကျေးရွာတွေ လက်နက်ကြီး အထိုင်စခန်း၊ ဒရုန်းအထိုင်စခန်း၊ ထောက်ပို့အထိုင်စခန်းတို့ တည်ဆောက်ထားပါတယ်။ ဒရုန်း တွေက အဲဒီကနေ လွှတ်တင်တာလည်း ရှိတယ်။ နောက်ဒရုန်းတွေက ပစခ ၉၀၅ နဲ့ ကပစ ၁၄ တို့ကလည်း ဖြစ် နိုင်ပါတယ်။ ဒီရက်ပိုင်းအတွင်း ဒရုန်းတော်တော်များကို နည်းပညာတွေ အသုံးပြုပြီးဖျက်ချနိုင်ခဲ့တာကို တွေ့ရ ပါတယ်” ဟု စစ်ရေးရင်းမြစ်တစ်ဦးက ပြောသည်။
အမ်း-ပဒန်းလမ်းရှိ အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသည့် နတ်ရေကန် လေကြောင်းရန် ကာ ကွယ်ရေး တပ်စခန်းသို့ စစ်ကူထိုးဖောက်နေသည့် စစ်အုပ်စု စစ်ကြောင်းများသည် ပန်ကာ ၈ ခုပါ အကြီးစား ဒရုန်း (Octocopter) များကို အသုံးပြု၍ စားနပ်ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်နေခြင်း ဖြစ်သည်။
“အခု အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို စားနပ်ရိပ်က္ခာ ပို့ပေးတာကို Octocopter (အောက်တိုကော့ ပတာ)တွေကို အသုံးပြုနေသလို တိုက်ခိုက်ရေးအပိုင်းမှာ ဒရုန်းအကြီးစားတွေနဲ့လည်း AA ကို တိုက်ခိုက်နေတာ တွေ ရှိပါတယ်။ အခု ရက်ပိုင်းတွေမှာတော့ ဒီအောက်တိုကော့ပတာ တွေကိုတောင် AA နည်းပညာအသာစီးနဲ့ ကြားဖြတ်တိုက်ခိုက်နိုင်တယ်လို့ သိရပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆက် ပြောသည်။
နတ်ရေကန်တောင်လမ်းရှိ လမ်းသစ်နှင့် လမ်းဟောင်းဘက်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်ကတည်းက စစ်အုပ်စုတပ်က ထိုးစစ်စတင်ခဲ့သော်လည်း အထိအခိုက် အကျအဆုံး များပြားခဲ့သဖြင့် မြေလပ်ကျေးရွာစခန်းမှ တစ်ဆင့် ပဒန်းသို့ တပ်သားရာချီ ကားဖြင့် နေ့ရောညပါ သယ်ဆောင်ခဲ့ရပြီးနောက် ထိုးစစ်ကို ခေတ္တရပ်နားထားခဲ့ ရသည်။
ထိုသို့ ထိုးစစ်ရပ်နားထားစဉ်အတွင်း AA ထံမှ လှည့်စားသည့်အနေဖြင့် နတ်ရေကန် လမ်းသစ်နှင့် လမ်းဟောင်း ကြား အလယ်တောင်ကုန်းရိုးအတိုင်း တိတ်တခိုး ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း AA ၏ အငိုက်ဖမ်း တိုက် ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
“စစ်တပ်က ထိုးစစ်ရပ်နားထားရချိန် အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေဟာ AA ကို လှည့်စားတဲ့နေနဲ့ နတ် ရေကန် လမ်းသစ်နဲ့ လမ်းဟောင်းကြား အလယ်တောင်ကုန်းရိုးက တိတ်တခိုး ထိုးစစ်တက်လာတာတွေလည်း ရှိတယ်။ AA က အငိုက်ဖမ်း တိုက်ခိုက်လို့ အကျအဆုံးတွေနဲ့ ပြန်ဆုတ်သွားတာတွေလည်း ရှိပါတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
စစ်အုပ်စုတပ်သည် မြေလပ်ကျေးရွာဘက်မှနေ၍ UAV ကင်းထောက်ဒရုန်းများဖြင့် AA တပ်ဖွဲ့ဝင်များရှိရာ နေရာများကို စောက်ကြည့်ပြီး လေယာဉ်နှင့် ဒရုန်းများသုံးကာ ဗုံးကြဲတိုက်ခိုက်နေ၍ AA ဘက်မှလည်း အဆင့် မြင့် နည်းပညာများကို သုံးကာ ပြန်လည်ဖျက်ချ လျက်ရှိသည်။







