စက်သုံးဆီဈေးကြီး၍ ဖားအံမြို့တွင် ကယ်ရီနှင့်ဈေးရောင်းလုပ်ငန်း အများစု ရပ်ဆိုင်း

စက်သုံးဆီဈေးကြီး၍ ဖားအံမြို့တွင် ကယ်ရီနှင့်ဈေးရောင်းလုပ်ငန်း အများစု ရပ်ဆိုင်း

စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ ဖြစ်ပေါ်နေခြင်းကြောင့် ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ခရီးသည်ပို့ဆောင်ရေး ဆိုင်ကယ်၊ သုံးဘီးလုပ်ငန်း၊ မော်တော်ယာဥ်အသုံးပြု ဈေးရောင်းလုပ်ငန်းအများစု ရပ်ဆိုင်းထားရကြောင်း မြို့ခံများက ပြောသည်။

ပြည်နယ်စစ်အုပ်စု၏ညွှန်ကြားချက်ဖြင့်ရောင်းချသော လိုင်စင်ရဆီဆိုင်များတွင် ယာဉ်လိုင်စင်၊ ဝှီးတက်ပြ၍ဝယ်ယူရသည့် စက်သုံးဆီမှာ တစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိသော်လည်း ပြင်ပမှောင်ခိုဈေးကွက်တွင် တစ်လီတာ ကျပ် ၁၅,၀၀၀ ခန့် အထိ ပေါက်ဈေးရှိနေသည်။

ယင်းကြောင့် လိုင်စင်မဲ့ မော်တော်ယာဥ်များအခက်တွေ့နေပြီး ခရီးသည်မလိုက်၊ လုပ်ငန်းမကောင်းသဖြင့် ကယ်ရီနှင့်ဈေးရောင်းယာဥ်အများစု ရပ်နားထားရသည်အထိ ဖြစ်လာသည်ဟု ဆိုင်ကယ်၊ သုံးဘီးယာဥ်အငှားလိုက်သူ တစ်ဦးကပြောသည်။

တောင်ကလေးရွာသား စောမောင်ထွန်းက "လိုင်စင်မရှိတော့ အပြင်ဆီပဲဝယ်သုံးရတယ်။ ဆီဈေးကနှစ်ဆတက်နေတော့ ဈေးရောင်းဈေးဝယ်နဲ့ ကယ်ရီဆွဲစားတဲ့အလုပ်တွေမကိုက်တော့ဘူး။ ဈေးကြီးတော့ ခရီးသည်ကလည်း မစီးနိုင်ကြဘူ။ ဈေးရောင်းဈေးဝယ်လည်း သယ်ယူပို့ဆောင်ခပေါင်းပြီး ဈေးတင်ရောင်းရတာ ရောင်းမကောင်းဘူးလေ အလုပ်တွေရပ်ကုန်ပြီ" ဟု ကေအိုင်စီကို ပြောသည်။

ကျေးရွာဘက်မှ အသား၊ ငါးအပါအဝင် ကုန်မျိုးစုံအား မော်တော်ယာဥ်ဖြင့် မြို့ပေါ်လှည့် ဈေးလိုက်လံရောင်းသည့် လုပ်ငန်းမှာ ဖားအံတွင် ဈေးကွက်တစ်ခုလိုဖြစ်နေပြီး အိမ်တိုင်ရာရောက် ဝယ်ယူနိုင်သဖြင့် စားသုံးသူများအတွက် လွယ်ကူအဆင်ပြေစေသည့် လုပ်ငန်းဖြစ်သည်။

အလားတူ နယ်စပ်မြဝတီမြို့ဘက်တွင်လည်း သတ်မှတ်ချက်ကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်မှ စက်သုံးဆီကို ဈေးကြီးပေးဝယ်အသုံးပြုနေရသလို ဖားအံ-မြဝတီပြေးဆွဲနေသည့် မော်တော်ယာဥ်ခများ ဈေးကျသွားခြင်းမရှိဟု လုပ်ငန်းရှင်များနှင့်ခရီးသွားများထံမှ သိရသည်။

“မြဝတီမှာ လိုင်စင်မရှိတဲ့ကားတို့ဆိုင်ကယ်တို့ကတော့ ထိုင်းကနေ တစ်လီတာ ၁၃,၀၀၀-၁၅,၀၀၀ (ငွေကျပ်) ဝန်းကျင်နဲ့ ဝယ်သုံးရတယ်။ အဲ့ဒီတော့ ဖားအံ-မြဝတီကားခတွေက တစ်သိန်း၊ တစ်သိန်းသုံးသောင်းကနေ ဈေးမကျဘူး" ဟု မြဝတီမြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စက်သုံးဆီဈေးကြောင့် ဖားအံ-မြဝတီအပြင် မော်လမြိုင်-ရန်ကုန် ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်သည့်ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။

ထို့အပြင် စစ်အုပ်စုစစ်ဆေးရေးဂိတ်များတွင် ထိုင်းကုန်စည်သယ်ဆောင်လာသည့်ယာဥ်များကို ဖမ်းဆီးသိမ်းဆည်းခြင်းကြောင့် လုပ်ငန်းအရှုံးပေါ်၊ ရပ်ဆိုင်းလိုက်ရသည်အထိ ရှိနေကြောင်း မဲဆောက်မြို့မှ ကုန်ပစ္စည်းပို့ဆောင်သယ်ယူရေးလုပ်ငန်းများထံ စုံစမ်းချက်အရ သိရသည်။

ကရင်ပြည်နယ်အတွင်း မြဝတီနယ်စပ်လမ်းတစ်လျှောက် ကုန်သွယ်၊ ခရီးသွားလာရာတွင် ယခင်က အသုံးပြုနေကျတောင်ပေါ်လမ်းများအပြင် အာရှလမ်းသစ်ကိုလည်း ပြီးခဲ့သည့်ဧပြီလမှစ၍ စစ်အုပ်စုက ဖွင့်လှစ် အသုံးပြုခွင့်ပေးထားသည်။

ထိုအာရှလမ်းတွင်လည်း စစ်အုပ်စုက အိမ်သုံးနှင့်ကိုယ်ပိုင်မော်တော်ယာဥ်များမှလွဲ၍ ကျန်ရှိယာဥ်များကို ဂိတ်ကြေးလမ်းကြေးအပြင် တံတားဖြတ်သန်းခ ငွေတောင်းယူမှုများ လုပ်ဆောင်နေသည်ဟု ခရီးသွားလာသူများက ဆိုသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...