၂၀၂၃ ခုနှစ်ကုန်ပိုင်းကနေ လေးနှစ်နီးပါး ပိတ်ပင်ထားခဲ့တဲ့ မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို မေလ(၉)ရက်နေ့ကနေ စတင်ပြီး ခရီးသည်တင်ယာဉ်များဖြတ်သန်းသွားလာနေကြပြီဖြစ်ကြောင်း ခရီးသွားများထံမှ သိရပါတယ်။
"စနေနေ့ကစပြီးသွားနေကြတာ သူတို့(စစ်တပ်)က တာဝန်ယူတယ်ဆိုပြီးပြောလာတယ် ထီးချိုင့်လမ်းဘက်သွားရင်သူတို့တာဝန်ယူမယ် ရွှေဘိုလမ်းဆိုရင်တော့တာဝန်မယူဘူးတဲ့ အေ့နေ့ကနေစပြီးထီးချိုင့်လမ်းပဲသွားတော့တာပါ့ " လို့ ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက အခုလိုပြောပြပါတယ်။
မကြာသေးမီ မေလ(၆)ရက်နေ့မှာ စစ်တပ်ကအပြည်အဝပြန်လည်ထိန်းချုပ်လိုက်တဲ့ ထီးချိုင့်မြို့လမ်းပိုင်းဘက်ကို ဖြတ်သန်းခွင့်ပေးလိုက်တာဖြစ်ပြီး ပုံမှန်တစ်ညအိပ်ခရီးသာ ကြာမြင့်တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီလမ်းပိုင်းကို ကုန်တင်ယာဉ်များကတော့ သွားလာခြင်းမရှိသေးဘူးလို့လည်း သိရပါပြီး ယာဉ်အသေးတွေဖြစ်တဲ့ AD Van နဲ့ ပရိုပေါက်ကားများသာ ဖြတ်သန်းနေကာ ကားခ(၇)သိန်းနီးပါးအထိ ရှိနေတယ်လို့ ခရီးသွားများက ဆိုကြပါတယ်။
"ကုန်တင်ယာဉ်တွေကတော့မသွားရဲသေးဘူးအေ့လမ်းကို ပိုက်ဆံလည်းအရမ်းတောင်းလို့လေ ဂိတ်တွေလည်းတော်တော်များတယ် ကားသေးတွေတော့ပုံမှန်သွားနေကြပါပြီ ထီးချိုင့်လမ်းနဲ့ ဒီဘက်အင်းတော်အကုန်လုံးကို စစ်တပ်ကထိန်းချုပ်ထားပြီဆိုတော့ အကုန်သွားနေကြပြီလေ" ဟု လမ်းပိုင်းပြန်ဖွင့်ပြီးနောက် ခရီးသွားခဲ့သူတစ်ဦးက ပြောပြပါတယ်။
ဒီလမ်းပိုင်းပိတ်ပင်နေစဉ်နှစ်ပိုင်းတွေမှာ ကွင်းလမ်းများကနေ ရက်သတ္တပတ် နှစ်ပတ်ကနေ ရက်အတော်ကြာအထိ စျေးနှုန်းကြီးမြင့်စွာ သွားလာဖြတ်သန်းခဲ့ကြရတာလည်း ဖြစ်ပါတယ်။
အခုလို ကချင်ပြည်နယ်ဒေသအတွက် အလွန်အရေးပါတဲ့ ဗျူဟာလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ခဲ့မှုကြောင့် ဒေသတွင်းကုန်စျေးနှုန်းများ ပြန်လည်ကျဆင်းစေဖို့ကိုလည်း မျှော်လင့်ကြကြောင်း ဒေသခံများရဲ့လှုမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားမျှဝေမှုတွေရှိနေပါတယ်။







