စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ ပေါ်တာအဖြစ်ခေါ်ခံရသူအများပိုင်းပါဝင်နေကြောင်း ဒေသခံတွေဆီကသိရပါတယ်။
အဲ့ဒီစစ်ကြောင်းထဲမှာ ပြီးခဲ့တဲ့ ဧပြီလတွင်း ကသာနယ်ထဲဝင်ရောက်လာတာဖြစ်ပြီး မန္တလေးနဲ့ ရန်ကုန်ဘက်ကနေ ပေါ်တာဖမ်းဆီးခေါ်ဆောင်ခံထားရသူတွေဖြစ်ကြောင်းနဲ့ တစ်ချို့ဆိုအလုပ်သွားလုပ်ရင်း ဆွဲခေါ်ခံရသူတွေပါဝင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“သူတို့ပြောပြတာ။ မန္တလေးကတဲ့ ကားဘော်ဒီလုပ်တဲ့ကောင်တဲ့ ဒီထဲကိုပါခဲ့တာပေါ့။ နောက်တစ်ယောက်ကလည်း ပေါ်တာထဲ ပါခဲ့တာတဲ့။ ရန်ကုန်အလုပ်သွားလုပ်ရင်ဆွဲခံခဲ့ရတာတဲ့။ သူတို့က ရဟတ်ယာဥ်တွေနဲ့အကုန်ရွှေ့ပြောင်းခံရတာတွေတဲ့”လို့ ပြောပါတယ်။
လတ်တလော ဒီစစ်ကြောင်းတွေဟာ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းနဘေးကျေးရွာတွေဘက်မှာလှုပ်ရှားနေတဲ့ စစ်ကြောင်းတွေထဲကတစ်ခုဖြစ်တယ်လို့သိရပြီး ပေါ်တာဆွဲခံရသူလူငယ်တချို့ ကိုယ်တိုင် ဒေသခံတွေကိုဝန်ခံပြောဆိုလာကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
အဆိုပါ လူငယ်တွေဟာ ရဟတ်ယာဉ်တွေနဲ့ နေရာပြောင်းရွှေ့ခံရသူတွေဖြစ်ပြီး မကြာသေးခင်က ကသာမြို့ကို စစ်တပ်ကရဟတ်ယာဉ်တွေနဲ့ အင်းအားဖြည့်တင်းတဲ့အချိန် ရောက်ရှိလာသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ကသာမြို့အတွင်းမှာတော့ စစ်သားတွေဟာ ဧရာဝတီမြစ်နဘေးကျေးရွာတွေမှာ ဖြန့်ကျက်နေရာယူထားဆဲဖြစ်ပြီး၊ ထီးချိုင့်–ကသာ အဓိကလမ်းမကြီးကို ထိန်းချုပ်ထားတဲ့အခြေအနေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့မှာ စစ်ယာဉ်တန်း ၂၂ စီးခန့်နဲ့ ကသာမြို့ထဲ ပြန်လည်ဝင်ရောက်လာတဲ့ တပ်ဖွဲ့တွေ ဖြစ်ပြီး မြို့စောင့်တပ် ခမရ ၃၀၉ နဲ့ပူးပေါင်းကာ မြစ်ကမ်းနဘေးကျေးရွာတွေမှာ အထိုင်ချနေရာယူထားတာဖြစ်တယ်လို့ သိရပါတယ်။
“ကြည့်ရသလောက် ၂၀ ကျော်တစ်ရွယ်တည်းတွေ ၃၀ ကျော်တွေ သုံးလေးယောက်လောက်တော့ပါတယ်။ နည်းနည်း ခပ်ကြီးကြီးပိုင်းတွေလည်းပါတော့ပါတယ်။ တစ်ရွယ်တည်းတွေကများတယ်။ ၂၀ ကျော်လေးတွေ။ ကျနော့အထင်တော့ အရွယ်တူလေးတွေဆိုတော့ ပေါ်တာတွေပဲနေမှာ” လို့ စစ်ကြောင်းကို မြင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က “စည်းရုံးရေးတပ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဒေသခံတွေအပေါ် ဆက်ဆံမှုတွေပြုလုပ်နေပြီး၊ ကျေးရွာတွေ ထဲ ဝင်ရောက်သွားလာတာ၊ ဒေသခံတွေရဲ့ဆိုင်ကယ်တွေ ငှားရမ်းအသုံးပြုတာ၊ ဆေးခန်းဖွင့်ပေးမယ်လို့ ပြောဆိုတာမျိုးတွေရှိနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါဟာ ကသာဒေသအတွင်း စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရား ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းနေတဲ့ သဘောဖြစ်နိုင်တယ် လို့လည်း ဒေသခံတွေက သုံးသပ်နေကြပါတယ်။
လက်ရှိမှာတော့ ကသာမြို့နယ်အတွင်း စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး၊ မြို့တွင်းကို ပြန်ဝင်လာတဲ့အရပ်သားတချို့ ရှိသလို ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။
စစ်ကိုင်း–ကချင်အစပ်ဒေသဖြစ်တဲ့ ကသာမြို့နယ်မှာ ၂၀၂၅ ဒီဇင်ဘာလနောက်ပိုင်းကစပြီး မြို့သိမ်းတိုက်ပွဲတွေ၊ လေကြောင်းနဲ့ မြေပြင် တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်ခဲ့ရတဲ့ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
လက်ရှိ စစ်တပ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်အသက်ဝင်စေခဲ့တဲ့ စစ်မှုထမ်းဥပဒေကနေတဆင့် လူသစ်စုဆောင်း မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီအထိ အသုတ် ၂၀ ခန့်ကနေ လူငယ် ၉ သောင်းကျော် စုဆောင်းထား နိုင်တယ်လို့ စစ်ရေးလေ့လာရေးအဖွဲ့တချို့ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
စစ်တပ်ဘက်က အသုတ်တစ်သုတ်ကို လူ ၅၀၀၀ နှုန်းခန့် စုဆောင်းနေတယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံတဝှမ်းမှာ အတင်းအဓမ္မဖမ်းဆီးစုဆောင်းမှုတွေ၊ လမ်းသွားလမ်းလာလူငယ်တွေကို ဆွဲခေါ်တာတွေ၊ အလုပ်သွားရင်း ဖမ်းဆီးခံရတာတွေ ပိုများလာနေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တွေက ဖော်ပြထားပါတယ်။
လက်ရှိ ကသာဘက်စစ်ကြောင်းမှာ လူငယ်အများစု ပါဝင်လာတာဟာလည်း စစ်တပ်ရဲ့ တပ်သားသစ်စုဆောင်းမှုတွေ၊ ပေါ်တာအသုံးပြု မှုတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။







