KIO က တစ်နှစ်ကျော်အတွင်း ဘိန်းခင်းဧက ၈၃၀ ကျော် ဖျက်ဆီး

KIO က တစ်နှစ်ကျော်အတွင်း ဘိန်းခင်းဧက ၈၃၀ ကျော် ဖျက်ဆီး
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဆဒုံးမြို့နယ်၊ ရှငေါ်နယ်မြေ တစ်နေရာတွင်ရှိသည့် ဘိန်းခင်းများအား KIA မှ ရှင်းလင်းနေစဉ်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဆဒုံးမြို့နယ်၊ ရှငေါ်နယ်မြေ တစ်နေရာတွင်ရှိသည့် ဘိန်းခင်းများအား KIA မှ ရှင်းလင်းနေစဉ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) အနေနဲ့ တစ်နှစ်ကျော်အတွင်း ဘိန်းခင်းဧက ၈၃၀ ကျော် ဖျက်ဆီးရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဖွဲ့အစည်းအနေနဲ့ နေရာဒေသအသီးသီးက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူ ဆောင်ရွက်တာတွေ လုပ်ဆောင်နေပြီး ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်(လက်ရှိအချိန်ထိ) ဘိန်းခင်းဧက ၈၃၁ ဒဿမ ၁၆၇၅ ဧက ရှင်းလင်းနိုင်ခဲ့တယ်လို့ KIO/KIAသတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ သတင်းရုပ်သံ အစီအစဉ်ကနေ ဖော်ပြထားတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၂၀၃ ယောက်၊ သုံးစွဲသူ ၂၅၄ ယောက်၊ ဘိန်းဖြူ ဆပ်ပြာခွက် ၅,၉၃၇ ခွက်၊ ပင်နီစလင်ပုလင်း ၁,၂၂၄ ပုလင်း၊ ဘိန်းမည်း ပိဿာ ၁၀၀ နဲ့ ရာမ အများအပြားလည်း ဖမ်းဆီးမိတဲ့အပြင် ထောင်ဒဏ်အမှု ၁၄၃ ကြိမ် ရှိခဲ့တယ်လို့ ဆက်လက်ဖော်ပြပါတယ်။

တစ်ဆက်တည်းမှာပဲ မူးယစ်ဆေးဝါးဖြတ်တဲ့သူ ၉၈၇ ယောက်ရှိတယ်လို့ ဆိုထားပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကို နေရာအသီးသီးမှာ အဖွဲ့ ၈ ဖွဲ့ ဖွဲ့စည်းထားပြီးတော့ ပြည်သူနဲ့ အတူ လက်တွဲလုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

သုံးစွဲသူနဲ့ ရောင်းသူတွေကို တွေ့ရှိခဲ့ရင် ဘယ်နေရာမှာမဆို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဌာနချုပ် မူးယစ်ဆေးဝါတိုက်ဖျက်ရေးကော်မတီကနေ ဖွဲ့စည်းတဲ့ မူးယစ်ဆေးဝါး အထူးဖမ်းဆီးရေးအဖွဲ့တွေဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအထိ ၆ လအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ဖမ်းဆီး အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အရှေ့ပိုင်းတိုင်းအုပ်ချုပ်နယ်မြေ (Sinpraw ginwang ginjaw)၊ ဗဟိုဒေသတိုင်းအုပ်ချုပ်နယ်မြေ (Ginjaw ginra ginwang ginjaw)၊ အင်မောင်ဒေသတိုင်းနယ်မြေ (Nmau ginwang ginjaw) နဲ့ ဗဟိုဌာနချုပ်ကော်မတီ (Ning gawn daju ginra)တွေမှာ အထူးဖွဲ့စည်းပြီးတော့ ၆ လ အစီအစဉ်နဲ့ စီမံကိန်းဝင်ချိန် မူးယစ်ဆေးကုန်သွယ်သူ အယောက် ၃၇၄၊ ဘိန်းဖြူ ဆပ်ပြာခွက် ၄၅ ခွက်၊ Speed ဘူး ၁၀၂ ဒဿမ ၅၊ မက်သာဖက်တမင်း ၁၁၊ meth pipe (ice) ၃၃ ဒဿမ ၅၊ လီပိုဘူး ၁၀၊ ဘိန်းမည်း ၃ ပိဿာ၊ ခတ်ပုံ အထုပ် ၄၂ ထုပ်နဲ့ မူးယစ်ဆေးကုန်မှုနဲ့ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်း၊ ကျောက်စိမ်း၊ ကား၊ ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေသားတွေကို သိမ်းယူပြီး သက်ဆိုင်ရာ အစိုးရဝင်ငွေအဖြစ် အပ်နှံပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

ဖမ်းဆီးအရေးယူထားတဲ့ မူးယစ်ဆေးကုန်သွယ်သူ ၃၄၇ ကနေ ၁၄ ယောက်ကိုတော့ သက်ဆိုင်ရာ တရားရုံးဆီ အပ်နှံပြီးတော့ ကျန် ၃၃၃ယောက်ကိုတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကျဉ်းထောင်မှာ ၁ နှစ်စီ ချမှတ်ထားတယ်လို့ သိရတာပါ။

ဖမ်းဆီးအရေးယူဆောင်ရွက်ရေး လုပ်ငန်းကို ၆ လ ဆက်လက်ပြီး လုပ်ဆောင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်တာ အတိအကျ သိရှိရင် ဖမ်းဆီးပြီး ထောင်ဒဏ်တစ်နှစ် ချမှတ်မယ့်အပြင် ရောင်းဝယ်တဲ့ ပမာဏ များတဲ့အခါမှာတော့ KIO တရားရုံးဆီ အပ်နှံပြီး မူးယစ်ဆေးဝါး ဥပဒေနဲ့ တရားစီရင်မယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"သုံးစွဲသူတွေ ဝန်ထမ်းတွေက တပ်မဟာအလိုက် မူးယစ်ဆေးဝါးဖြတ်စခန်းရှိတယ်။ အဲဒီမှာ ဖြတ်ပေးမယ်။ ပြည်သူတွေကတော့ သီးသန့်စခန်းတွေ၊ ဘုရားကျောင်းက ဖွင့်တဲ့ မူးယစ်ဆေးဖြတ်စခန်းတွေ ရှိတယ်။ အဲဒီမှာဖြတ်ဖို့ အားလုံးကို လမ်းပြပေးထားတယ်။"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ ၂၀၂၆ ခုနှစ် နှစ်သစ်မိန့်ခွန်းထဲမှာလည်း မူးယစ်ဆေးဝါးသုံးစွဲပြီး အချိန်ကုန်ဆုံးနေတဲ့ လူငယ်တွေ အားလုံး နှစ်သစ်ကူးပြောင်းပြီ ဖြစ်တာနဲ့အညီ စိတ်သစ်ပြောင်းလဲပြီးတော့ အပြီးသတ်လုပ်ဆောင်ဖို့ လိုနေတဲ့ တော်လှန်ရေးလုပ်ငန်းမှာ လက်တွေ့ထမ်းဆောင်လာဖို့ တိုက်တွန်းထားပါတယ်။

Most read this week

June 16, 2026
မြစ်ကြီးနားခရီးစဉ်တွေအတွက် လေယာဉ်လက်မှတ်ခတွေ ဈေးနှစ်ဆအထိ ဈေးတင်ရောင်းချမှုတွေ များလာပြီးနောက်...
June 15, 2026
မြစ်ကြီးနားမြို့‌က လူငယ်အချို့ ဦးဆောင်ပြီး မြစ်ဆုံရေကာတာစီမံကိန်း အလိုမရှိကြောင်း Sticker...
June 13, 2026
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိမ်ခိုးတွေနဲ့ရစ်ပတ်နေတဲ့ ယူနန်တောင်တန်းကြီးတွေကြားမှာ...
June 12, 2026
စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မသင်တန်းပို့ခံရတဲ့ သူအရေအတွက်ဟာ ကချင်ပြည်နယ်မှာ ၄၆၉ ယောက်...