ကျိုက်ထီးရိုး ဘုရားဖူးဧည့်သည်ဝင်ရောက်မှု ပြန်များလာ

ကျိုက်ထီးရိုး ဘုရားဖူးဧည့်သည်ဝင်ရောက်မှု ပြန်များလာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု ပြန်များလာပြီး ၂၀၂၅ - ၂၀၂၆ ဘုရားပွဲတော်ကာလတွင် ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည် ၁ ဒသမ ၄ သန်းကျော် ဝင်ရောက်ခဲ့သည်ဟု ဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

နှစ်စဉ် ဘုရားဖူးသိန်းချီဝင်ရောက်လေ့ရှိသည့် ကျိုက်ထီးရိုးဘုရားတွင် ကိုဗစ်ဖြစ်ပွားပြီးနောက် ဘုရားဖူးဝင်ရောက်မှုလျော့နည်းလာခဲ့ရာမှ စစ်အာဏာသိမ်းမှုကြောင့် ဘုရားဖူးဝင်ရောက်မှု မရှိသလောက်နည်းပါးလာခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် ကျိုက်ထီးရိုးနှင့် အနီးနားတဝိုက် လက်နက်ကိုင်ပဋိပက္ခ မကြာခဏဖြစ်ပွားနေခြင်းကြောင့် ဘုရားဖူးဝင်ရောက်မှု နည်းပါးလာခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဘုရားဖူးဝင်ရောက်မှု နည်းပါးလာခဲ့ရာမှ ၂၀၂၃ ခုနှစ်မှစကာ ကျိုက်ထီးရိုးဒေသတွင်းသို့ ဘုရားဖူး ပြန်လည်ဝင်ရောက်လာသည်ဟု ဘုရားဂေါပကနှင့် ကျိုက်ထီးရိုးဒေသခံတို့ထံမှ သိရသည်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကာလကို နှစ်စဉ် သီတင်းကျွတ်လပြည်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိသည်။

လက်ရှိတွင် ကျိုက်ထီးရိုးဘုရားပွဲတော်ကာလ ပြီးဆုံးသွားသော်လည်း ဘုရားဖူးများ နေ့စဉ် လာရောက်လေ့ရှိကြောင်း ကျိုက်ထီးရိုးဘုရားရင်ပြင်တော်စခန်း ဒု-ရုံးအဖွဲ့မှူး ဦးဆန်းလင်း‌အောင်က ပြောသည်။

“မိုးရာသီကာလရောက်ပေမယ့်လည်း ဘုရားဖူးတွေက ပုံမှန်နီးပါး လာရောက်ကြလေ့ရှိပါတယ်။ ဦးရေနည်းသွားတာလေးတစ်ခုပါဘဲ။ မိုးရာသီကာလမှာ ကျိုက်ထီးရိုးကိုလာကြမယ့် ဘုရားဖူးတွေ နေထိုင်တည်းခိုနိုင်ဖို့၊ စားရေးသောက်ရေးကိစ္စ၊ ကျန်းမာရေးကိစ္စတွေအတွက်ကို စီစဉ်ဆောက်ရွက်ပေးထားမှာဖြစ်ပါတယ်” ဟု ပြောသည်။

ကျိုက်ထီးရိုးဒေသသို့ ဘုရားဖူး ဝင်ရောက်လာသည့်အတွက် ကင်မွန်းစခန်း၊ ရင်ပြင်တော်စခန်းနှင့် မုဆိုးတောင်စခန်းများရှိ စားသောက်ဆိုင်လုပ်ငန်းများ၊ တည်းခိုရေးလုပ်ငန်းများနှင့် အထမ်းသမားများ အလုပ်အကိုင် အထိုက်အလျှောက် ပြန်လည် အဆင်ပြေလာကြကြောင်း ဆိုသည်။

“ဒီနှစ် ဘုရားပွဲတော်ကာလမှာ အထူးသဖြင့်တော့ ကျောင်းပိတ်ရက်တွေ၊ အများပြည်သူအလုပ်ပိတ်ရက်တွေမှာဆိုရင် ဘုရားဖူးတွေ တော်တော်ကြီး ပြန်ဝင်လာကြတယ်။ အဲ့ဒီအတွက်ကြောင့်လည်း ဒေသခံတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်လည်ကောင်းမွန်လာကြတာမျိုးရှိပါတယ်” ဟု ကျိုက်ထီးရိုးဒေသခံတစ်ဦးက ပြောသည်။

နှစ်စဉ် သီတင်းကျွတ်လပြည်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ပုံမှန်ကာလများက နှစ်စဉ် ဘုရားဖူး ၃ သန်းခန့် လာရောက်လေ့ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

July 7, 2026
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် စစ်အုပ်စုဘက်က တရားဝင် ပို့ကုန်...
July 7, 2026
မွန်ပြည်နှင့် ကရင်ပြည်ကို ဆက်သွယ်ထားသည့် သံဖြူဇရပ်-အနန်းကွင်း လမ်းပိုင်းတစ်လျှောက်တွင် စစ်တပ်က...
July 6, 2026
ရခိုင်-မကွေးရိုးမလမ်းပေါ်ရှိ နတ်ရေကန်ရှေ့တန်းစစ်မျက်နှာသို့ စစ်တပ်က စစ်အင်အားဖြည့်တင်းပြီးနောက်...
July 6, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများ ပိတ်သိမ်းရန်...