ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး

စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း ဒေသခံများက ပြောသည်။

“ဌာနဆိုင်ရာတော့ အကုန်လုံး မီးလင်းတယ်။ ကျောက်မဲကတော့ ခရိုင်မြို့ဆိုပြီးတော့ ဌာနဆိုင်ရာ ရုံးတွေကို မီးလွှတ်ပေးတယ်၊ သီပေါတောင် မီးမရဘူး။ ၁၁ လပိုင်းထဲက စစ်ရှောင်ပြန်လာတော့ နမ့်စောင်းငေါင်း ရေအားလျှပ်စစ်ကနေ ရုံးတွေကို ပြန်သွယ်ပေးထားတာ၊ ပြည်သူတွေကိုတော့ လျှပ်စစ်မီး ပြန်မချိတ်ပေးသေးလို့ မီးကြိုးဖြုတ်ခိုးခံနေရတယ်” ဟု ကျောက်မဲဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ် ရပ်ကွက် (၁၊ ၂၊ ၇၊ ၈၊ ၉) တို့တွင် ဓာတ်တိုင်ပေါ်မှ လျှပ်စစ်မီးကြိုးများအပြင် နေအိမ်ထဲ သွယ်တန်းထားသည့် ဆားဗစ်ကြိုးနှင့် အိမ်သုံး လျှပ်စစ်မီးကြိုးများလည်း ဖြတ်တောက်ခိုးယူခံရခြင်းများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

ယခင်နှစ်များတွင် ကျောက်မဲမြို့ပေါ် တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင် ထွက်ပြေးခဲ့စဉ်ကလည်း လူမရှိသည့် နေအိမ်များထဲ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူခံခဲ့ရပြီး ပြန်လည်ပြင်ဆင်ရန် အကုန်အကျ များပြားနိုင်ကြောင်း ဒေသခံများက ပြောသည်။

“ထရန်စဖော်မာတွေ မီးကြိုးတွေ အကုန်ချထားပြီ၊ လျှပ်စစ်မီး ပြန်ချိတ်ဖို့က TNLA ထိန်းချုပ်ထားတဲ့ မိုးတေဘက်မှာ ခွင့်ပြုမှ မီးလွှတ်လို့ရမယ့် ပုံစံဖြစ်နေတာ။ ကြားတာတော့ မေလကုန်လောက် ဓာတ်အားလိုင်းနဲ့ ပြန်ချိတ်နိုင်မယ်လို့ ပြောတယ်။ အဲ့တာလည်း မီးပြန်လာရင် ရပ်ကွက်ထဲ ပိုက်ဆံဝိုင်းကောက်ပြီး ပြန်လုပ်ရမှာ၊ သူခိုးပေါလို့ ကိုယ့်အိမ်ရှေ့ကိုယ် တာဝန်ယူခိုင်းမှာလို့ ပြောနေတာ” ဟု ကျောက်မဲဒေသခံ အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

လက်ရှိတွင် TNLA ထိန်းချုပ်နယ်မြေထဲ ဖြတ်သန်းသွားသည့် ရွှေလီ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ပြန်လည်ချိတ်ဆက်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ရှိနေကြောင်း သိရသော်လည်း မီးပြန်လာပါက ခိုးယူခံရ၍ ပြတ်တောက်နေသည့် မီးကြိုးများကို ရပ်ကွက်အတွင်း ကိုယ်ထူကိုယ်ထ ပြန်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဖြတ်တောက်ခိုးယူခံရသည့် လျှပ်စစ်မီးကြိုးများမှာ ကြေးနီဖြင့် ပြုလုပ်ထားခြင်းကြောင့် သံတိုသံစနှင့် အဟောင်းဆိုင်များတွင် ပြန်လည်ရောင်းချပါက ဈေးကောင်းရရှိနေကြောင်း၊ ထိုသို့ ခိုးရာပါ လျှပ်စစ်မီးကြိုးများကို လက်ခံပြီး အရောင်းအဝယ် ပြုလုပ်နေသူများကို နေအိမ် ချိတ်ပိတ်မည်ဟု သတိပေး ပြောဆိုမှုများ ရှိနေသော်လည်း ဆက်လက် လုပ်ဆောင်နေကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

July 3, 2026
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကို စစ်တပ်က ၈ လနီးပါးကြာ သည်အထိ...
July 2, 2026
သျှမ်းပြည်တောင်ပိုင်းတွင် စလော့ဂိမ်းကစားသူများကို စတင်ဖမ်းဆီးလာပြီး လမ်းသွားလမ်းလာများ၏...
July 1, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ်...
June 30, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့...