မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းမှာ စစ်မှန်သည့် နိုင်ငံရေးအပြောင်းအလဲမဟုတ်ဘဲ စစ်အုပ်စု၏ လှည့်စားချက်သာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မေလ ၃ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။
“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ၃၀.၄.၂၀၂၆ တွင် လျှို့ဝှက်နေရာတွင် ဖမ်းဆီးထားရာမှ တည်နေရာမဖေါ်ပြသောနေရာသို့ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ထားကြောင်း စစ်တပ်လက်အောက်ခံ သတင်းဌာနများမှ ထုတ်ပြန်ကြေညာခြင်းတို့သည် နိုင်ငံရေးအရအပြုသဘောဆောင်သော လမ်းစသို့ ချဥ်းကပ်လာ ခြင်းမဟုတ်ဘဲ လှည့်စားချက်သာဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တပ်လက်အောက်ခံ သတင်းဌာနများက ဒေါ်အောင်ဆန်းစုကြည်အား ဧပြီလ ၃၀ ရက်နေ့တွင် တည်နေရာမဖော်ပြသော နေရာတခုသို့ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြသည်။
အလားတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုလည်း ဧပြီလ ၁၇ ရက်နေ့တွင် မိသားစုနှင့် ပြန်လည်တွေ့ဆုံခွင့်ပေးခဲ့သည်။ သို့သော် ဤလုပ်ရပ်များသည် နိုင်ငံရေးအရ အပြုသဘောဆောင်သည့် လမ်းစသို့ ချဉ်းကပ်လာခြင်းမဟုတ်ဘဲ နိုင်ငံတကာကို လှည့်ဖြားခြင်းသာဖြစ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် အတုအယောင်ရွေးကောက်ပွဲမှတဆင့် နိုင်ငံရေးတရားဝင်မှု ရယူလိုသောကြောင့် ယခုကဲ့သို့ ဟန်ပြလုပ်ရပ်များ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု NLD က ထောက်ပြသည်။
ထို့ကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီ(စစ်အုပ်စု)နှင့် အလျင်စလို ထိတွေ့ဆက်ဆံမှုများမပြုရန်နှင့် ထိုသို့ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံကို ပိုမိုနက်ရှိုင်းသည့် ပဋိပက္ခနွံတွင်းသို့ တွန်းပို့ရာရောက်မည်ဖြစ်ကြောင်း အကြံပြုထားသည်။
"နိုင်ငံရေးအကျဉ်းသားတဦး ရှိနေသည်ဆိုခြင်းကပင် များလွန်းလှသည်" ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ စကားကို ကိုးကား၍ မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ထောင်ပေါင်းများစွာ ရှိနေဆဲဖြစ်သဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးသို့ ဦးတည်နေသည်ဟု ယူဆရန် ဝေးကွာလွန်းနေသေးကြောင်းလည်း NLDက ဆိုသည်။
အခြားတဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစဉ်တစိုက်တောင်းဆိုပေးခဲ့ကြသည့် ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို NLD က ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား "ကာလရှည်ကြာ မိတ်ဆွေတဦး" အဖြစ် ဖော်ပြကာ အခြေအနေများကို စောင့်ကြည့်ပေးနေသည့် တရုတ်နိုင်ငံ၏ သဘောထားအပေါ်တွင်လည်း ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကြံစည်နေကြသည့် မိတ်ဆွေနိုင်ငံများအနေဖြင့်လည်း ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရလက်ထက်တွင်မှသာ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သတိပြုရန် NLD က တိုက်တွန်းထားသည်။
ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများအနေဖြင့်လည်း အင်္ကျီပြာဝတ်လှုပ်ရှားမှုနှင့် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် လှုပ်ရှားမှုများအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လုံးဝလွတ်မြောက်သည်အထိ ဆက်လက်တောင်းဆိုပေးကြပါရန်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်ထားသည်။







