မာန်အောင် လေယာဉ်လက်မှတ် သတ်မှတ်ဈေးထက် ၂ ဆကျော် ရှိနေ

မာန်အောင် လေယာဉ်လက်မှတ် သတ်မှတ်ဈေးထက် ၂ ဆကျော် ရှိနေ
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)

စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ် လက်မှတ်များမှာ စစ်အစိုးရ တရားဝင် သတ်မှတ်ထားသော ဈေးနှုန်းထက် ၂ ဆကျော်ထိ မြှင့်တင်ရောင်းချနေကြောင်း သိရသည်။

ရန်ကုန်- မာန်အောင် လေကြောင်းခရီးစဉ် လက်မှတ်ဈေးနှုန်းမှာ တစ်စောင်ကို ငွေကျပ် ခြောက်သိန်း သုံးသောင်း (၆၃၀,၀၀၀) သာ ရှိကြောင်း စစ်အစိုးရ သတ်မှတ်ထားသော်လည်း လက်ရှိတွင် ငွေကျပ် ဆယ့်ငါးသိန်း ( ၁,၅၀၀,၀၀၀ ) အထိ မြှင့်တင်ရောင်းချနေကြခြင်းဖြစ်သည်။

“ အခုက မာန်အောင်ကနေ ရန်ကုန်ကို သွားမယ်ဆိုရင် ၁၅ သိန်း၊ ရန်ကုန်ကနေ မာန်အောင်ကို လာမယ် ဆိုရင် ၈ သိန်း၊ အဲဒီလောက်အထိ ဖြစ်နေတာ။ တရားဝင် သတ်မှတ်ထားတာနဲ့ မြေပြင်မှာ ဖြစ်နေတာ တလွဲစီပါ ” ဟု မာန်အောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မာန်အောင်လေကြောင်းခရီးစဉ်ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်နားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဧပြီ ၂၄ ရက်တွင် စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်ကာ ပြန်လည် ပြေးဆွဲနေခြင်းဖြစ်သည်။

ခရီးစဉ်များမှာ ရန်ကုန်- ကျောက်ဖြူ- စစ်တွေ မြို့များနှင့် ချိတ်ဆက်၍ မာန်အောင်မြို့သို့ တစ်ပတ်လျှင် ၃ ရက် ပြေးဆွဲနေခြင်းဖြစ်ပြီး လက်မှတ်များကို မြန်မာ့လေကြောင်းလိုင်းနှင့် မာန်အောင်အများပိုင် ကုမ္ပဏီတို့က ရောင်းချနေခြင်းဖြစ်သည်။

“ လက်မှတ်ရချင်လို့ အနည်းဆုံး ၁၀ ရက်လောက် ကြိုမှာတာတောင် ကုန်နေတယ်။ ဝယ်မရဘူး။ အဓိကတော့ သွားတဲ့ လူများလို့ ရောင်းတဲ့ လူတွေကလည်း ဝယ်ချင်ဝယ်၊ မဝယ်ချင်နေဆိုတဲ့ ပုံစံမျိုးနဲ့ ဈေးတင်နေကြတာဖြစ်တယ် ” ဟု နောက်ထပ် မာန်အောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မာန်အောင်သို့ လေကြောင်းခရီးစဉ် ပြေးဆွဲခြင်းမှာ ဒေသခံများ ခရီးသွားလာရေး အဆင်ပြေစေရေးအတွက် ဖြစ်သော်လည်း လက်ရှိတွင်မှု လက်မှတ်ရောင်းချသူများ၏ အကျိုးစီးပွား အတွက်သာဖြစ်နေကြောင်း ပြောဆိုမှုများ ရှိနေသည်။

မာန်အောင်မြို့သို့ လေကြောင်းခရီးစဉ်များ စီစဉ်သွားမည်ဟု RNP ပါတီ တည်ထောင်သူ ဦးဘရှိန်က ပြီးခဲ့သည့် ၂၀၂၅ နိုဝင်ဘာလတွင် မဲဆွယ်ပြောဆိုခဲ့ပြီးနောက် ၅ လအကြာတွင် လေကြောင်း ခရီးစဉ် ပြန်လည် စတင်ခဲ့ခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း မာန်အောင်လေကြောင်း ခရီးစဉ်တိုးချဲ့မှုမှာ ပြည်သူများ ခရီးသွားလာမှုကို အကြောင်းပြ၍ စစ်အစိုးရက စစ်ရေးအရ ပို့ဆောင်ဆက်သွယ်မှု အဆင်ပြေစေရေးအတွက် အဓိက ဦးတည်ထားခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။

“ ပြည်သူတွေကို စေတနာထားတာ ဟုတ်/မဟုတ် အခုဖြစ်နေတဲ့ လေယာဉ်လက်မှတ် ဈေးနှုန်းတွေကို ကြည့်ရင် သိရတာပဲ။ သူတို့ (စစ်အုပ်စု) က ဘယ်တုန်းကမှ စေတနာမရှိလို့လည်း ရခိုင်ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်မှုတွေ လုပ်နေတာ။ အခု လေယာဉ်ပြေးဆွဲတယ် ဆိုတာကလည်း စစ်ရေးအတွက် ကွက်လပ်တစ်ခု ဖြည့်ဆည်းထားတာပဲဖြစ်တယ်” ဟု ရခိုင်လူငယ်တစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်အုပ်စု ထိန်းချုပ်ထားဆဲဖြစ်သော ရခိုင်လက်ကျန် ၃ မြို့တွင် ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တို့မှာ နှစ်ဘက်တိုက်ပွဲများ ရှိနေသော်လည်း မာန်အောင်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသေးပေ။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမှု ရခိုင်ပြည်ရှိ လက်ကျန်မြို့များအား ၂၀၂၇ ခုနှစ်မတိုင်မီ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...
ဓာတ်ပုံ - DMG
May 22, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ)...
May 21, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးသို့ ချဉ်းကပ်လာသော အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော်၏...
စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
May 20, 2026
စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်...