ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ အကျအဆုံးများပြီးနောက် စစ်ကြောင်းပြိုကာ နောက်ဆုတ်သွားပြီးနောက်အဆိုပါ စစ်ကြောင်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့က လိုက်လံ ရှင်းလင်းတိုက်ခိုက်ရာကနေ တိုက်ပွဲမှာ ပြင်းထန်နေကြောင်း သတင်းရရှိသည်။
တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သည့် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက " မနေ့က ဧပြီ၃၀ ရက်နေ့ မနက်ပိုင်းက အင်အားအလုံးအရင်းနဲ့ ဒရုန်းပစ်ကူတွေသုံးပြီး ပဇီရွာကို စစ်ကြောင်းထိုးတာ။နှစ်ဖက်တိုက်ပွဲပြင်းလို့ စစ်ကောင်စီဖက်ကအထိနာသွားတယ်။ နောက်ပိုင်းစစ်ကြောင်းပြိုသွားတယ်။ မနေ့ကညအချိန်လောက်မှာ သူတို့နောက်ဆုတ်ထွက်ပြေးကြတယ်။အဲဒါ အေအေက လိုက်ရှင်းတော့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေပါတယ်" ဟု နိရဉ္စရာကို ပြောသည်။
ထိုသို့နောက်ဆုတ်ထွက်ပြေးသွားသည့်မြန်မာစစ်တပ်စစ်ကြောင်းကို အာရက္ခတပ်တော် (AA)နဲ့ပူးပေါင်းတပ်ဖွဲ့က တန်ပြန် ထိုးစစ်ဆင် လိုက်လံတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေပြီး မြန်မာစစ်တပ်က ကလည်း ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်သာမက လေကြောင်းကပါ အကြိမ်ကြိမ် ပစ်ကူ တိုက်ခိုက်နေသည်ဟု ဆိုသည်။
" AA က အခြေအနေကောင်းပါတယ်။ သူတို့စစ်ကြောင်းအရင်ထိုးတိုက်ခိုက်တာ။အစပိုင်းမှာ သူတပြန်ကိုယ်တပြန်ဖြစ်နေတာ။နောက်ပိုင်းစစ်တပ်ကမယှဉ်နိုင်တော့ အထိနာလို့နောက်ဆုတ်သွားတာကို AA ဖက်ကလည်း ပဇီရွာရှေ့ကိုထိထွက်တိုက်နေတာ။ ဒီနေ့အထိတိုက်ပွဲပြင်းတုန်း။ဒရုန်းတွေ၊လေယာဉ်တွေနဲ့ဗုံးကြဲတယ်" ဟု ပြောသည်။
အာရက္ခတပ်တော်(AA)က တန်ပြန်စစ်ကြောင်းထိုးကာလိုက်လံချေမှုန်းတိုက်ခိုက်သဖြင့် ယနေ့ မေလ ၁ ရက်နေ့ထိ တိုက်ပွဲပြင်းနေသည်ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကို ပြောသည်။
ပြီးခဲ့သည့် ဧပြီ နောက်ဆုံးပတ်ကလည်းနတ်ရေကန်ဗျူဟာကိုသွားသည့် လမ်းသစ်လမ်း ပေါ်က ပဇီရွာဝန်းကျင်နှင့်ဂုတ်ကြီးရွာဝန်းကျင်တို့တွင်လည်း တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။
အကြမ်းဖက်စစ်ကော်မရှင်သည် နတ်ရေကန်ဗျူဟာကုန်းသို့ ထိုးဖောက်နိုင်ရန်အတွက် ပဇီရွာနှင့်ဂုတ်ကြီးကို အပိုင်သိမ်းရန် အကြိမ်ကြိမ်မြေပြငစစ်ကြောင်းထိုးကာ စစ်အင်အားလူအင်အားအများအပြားဖြင့် အကြိမ်ကြိမ်ကြိုးစားနေသော်လည်း ပဇီနှင့်ဂုတ်ကြီးကို မကျော်နိုင်သေးကြောင်းသိရသည်။







