စစ်တွေ မဏိရတနာကျောင်း စစ်ရှောင်စခန်းတာဝန်ခံ အမျိုးသမီးဖမ်းဆီးခံရ

စစ်တွေ မဏိရတနာကျောင်း စစ်ရှောင်စခန်းတာဝန်ခံ အမျိုးသမီးဖမ်းဆီးခံရ

(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ တက်တူးထိုးထားမှုရှိမရှိစစ်ဆေး)

နှင်းနွယ်နီ — ရခိုင်ပြည်မြို့တော်စစ်တွေ၊ ရွာကြီးတောင်ရပ်ကွက်ရှိ မဏိရတနာဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ အမျိုးသမီးတစ်ဦးကို စစ်တပ်၊ရဲနှင့်လဝက ပူးပေါင်းအဖွဲ့က ဖမ်းဆီးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက် ညအချိန်က အင်အား ၂၀ ခန့်ပါသည့် အဆိုပါ ပူးပေါင်းအဖွဲ့သည် မဏိရတနာ ဘုန်းတော်ကြီးကျောင်းကို ဧည့်စာရင်း ဝင်ရောက်စစ်ဆေးကာ စခန်းတာဝန်ခံအမျိုးသမီးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်တစ်ဦးက နိရဉ္စရာကိုပြောသည်။

“ ဧည့်စာရင်းစစ်ပါတယ်။ တာဝန်ခံကိုတော့ ဖုန်းပါ စစ်ပြီးတော့ ဖမ်းသွားတာပါ။ တခြားဘုန်းကြီးကျောင်းတွေကိုလည်း ဧည့်စာရင်း စစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကိုတော့ သတင်းအရပုံစံမျိုးနဲ့ ဖုန်းကိုအစစ်ပြပြီး ဖမ်းသွားတာပါ ” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် စစ်ဘေးရှောင်စခန်းတာဝန်ခံ အမျိုးသမီးမှာ စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်မှ အသက် ၄၀ ဝန်းကျင်အရွယ်ရှိသူဖြစ်ဟု ဆိုသည်။

“ သူက စစ်ဘေးရှောင်မဟုတ်ပါ။ ရွာကြီးတောင်ကပါ။ စခန်းမှာ တာဝန်ခံ လုပ်နေတာပါ” ဟုဆိုသည်။

ဧပြီလ ၂၄ ရက်က လဝက၊ စစ်တပ်နှင့် ရဲပူးပေါင်းအဖွဲ့သည် မဏိရတနာဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်း အပါအဝင် တခြား ဘုန်းတော်ကြီးကျောင်းများကိုလည်း ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။

နောက်ထပ် စစ်ရှောင်တစ်ဦးက “ ယောက်ျားတွေကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းတယ်။ တက်တူးတွေထိုးထားလား ကြည့်တယ်။ သူတို့ ဘာသတင်းထူးလို့ စစ်တာလဲတော့မသိဘူး။ ကြမ်းကြမ်းတမ်းတမ်း စစ်တာတော့ မရှိခဲ့ပါ။ အေအေးဆေးဆေး စစ်သွားတာပါ ” ဟုလည်း နိရဥ္စရာကို ပြောသည်။

တိုက်ပွဲနှင့်နီးကပ်လာသည်ဟုဆိုကာ စစ်တွေမြို့နယ်မှ ဗျိုင်းဖြူရွာ၊ ရွှေမင်းဂံ၊ ကျေးတောပိုက်ဆိပ်၊ ကျေးတောရွာမ၊ ရွှေပြည်သာ၊ အောင်တိုင်နှင့် ကျက်တောပြင်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူများကို အကြမ်းဖက်စစ်တပ်က ရွာမှ အတင်းနှင်ထုတ်ကာ စစ်တွေမြို့ပေါ်ဘုန်းကြီးကျောင်းများတွင် နေရာချထားသည်။

အဆိုပါစစ်ရှောင်များသည် ဘုန်းကြီးများတွင် အလုပ်အကိုင်မရှိဘဲ စားသောက်နေထိုင်ရေး အခက်အခဲများဖြင့် နေထိုင်နေရကာ တခါတရံ စစ်တပ်က ဧည့်စာရင်း လာရောက်စစ်ဆေးနေခြင်းများကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။

April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...
April 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေကျေးရွာများအား မြန်မာစစ်တပ်က...
April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...