မြဝတီမြို့တွင်း လက်နက်ကိုင်ဆောင်သွားလာမှုများကို အရေးယူမည်ဟု စစ်အုပ်စု အမိန့်ထုတ်

မြဝတီမြို့တွင်း လက်နက်ကိုင်ဆောင်သွားလာမှုများကို အရေးယူမည်ဟု စစ်အုပ်စု အမိန့်ထုတ်

ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား လာနေသည့် အဖွဲ့အစည်းများကို တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်အုပ်စုက ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် အမိန့်စာတစ်စောင် ထုတ်ပြန်လိုက်သည်။

အမှတ် (၂၇၅) ခြေလျင်တပ်ရင်းတွင် ပြုလုပ်ခဲ့သည့် စစ်အုပ်စု၏ ဌာနဆိုင်ရာများနှင့် လက်နက် ကိုင်အဖွဲ့အစည်းများ၏ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ မြို့တွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များကို ထိန်းချုပ်ရန် အချက် (၈) ချက်ပါဝင်သည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြို့တွင်းသို့ ဝင်ရောက်လာသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် ယူနီဖောင်းများကို ဖားတစ်ပိုင်းငါးတစ်ပိုင်း ဝတ်ဆင်ခြင်း မပြုရန်၊ ရပ်ကွက်များအတွင်း လက်နက်ကိုင်ဆောင်ခြင်းမပြုရန်နှင့် လက်နက်များကိုသက်ဆိုင်ရာအဖွဲ့အစည်း၏ စည်းကမ်းထိန်း သိမ်းရေးရုံးများတွင်သာ အပ်နှံထားရန် ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ စစ်အုပ်စုနှင့် အပစ်ရပ်ထားသည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်( DKBA) ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ဒီကိစ္စကို ကျနော်တို့ဆီမှာတော့ ကျနော်တို့လူတွေ တင်ပြတာမရှိသေးဘူး။ မြို့မှာက ပုံမှန်အတိုင်းပဲရှိသေးတယ် ၊ လုပ်စရာရှိတာလုပ်မယ်၊ သွားစရာရှိတာသွားမယ်။ အဲထက်လည်း ပြောစရာမရှိသေးဘူး” ဟု ၎င်း DKBA ခေါင်းဆောင်က ပြောသည်။

ထို့အပြင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ရန် ရှိနေသဖြင့် တရားမဝင်ဂိတ်များကို စစ်အုပ်စုဘက်မှ ပြန်လည်ထိန်းချုပ်ရန် အမိန့်စာတွင် ထည့်သွင်းဖော်ပြထားသလို၊ မြို့တွင်းရှိ စားသောက်ဆိုင်နှင့် KTV များတွင် ယူနီဖောင်းဝတ်ဆင်၍ ဝင်ရောက်စားသောက်ခြင်းနှင့် လက်နက်ကိုင်ဆောင်ကာ လုံခြုံရေးယူခြင်းမျိုး မပြုလုပ်ရန်လည်း တင်းကြပ်ထားသည်။

သို့သော်လည်း တစ်ဖက်တွင် မြဝတီမြို့တွင်းရှိ လက်နက်ကိုင်အဖွဲ့အချို့မှာ ဂိမ်းဆိုင် (လောင်းကစားဝိုင်း) များ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြပြီး၊ ယင်းအတွက် စစ်အုပ်စု တပ်မဌာနချုပ်ထံ လစဉ်ကြေးပေးဆောင်ရန် ညှိနှိုင်းမှုများရှိနေကြောင်း မြို့တွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

လက်ရှိတွင် မြဝတီမြို့ပေါ်၌ စစ်အုပ်စုတပ်အပြင် နယ်ခြားစောင့်တပ် (BGF) မှ အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော် (KNA)၊ DKBA နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) စသည့်တပ်ဖွဲ့များ သွားလာလှုပ်ရှားမှုရှိနေသည်။ စစ်အုပ်စုဘက်မှ မြဝတီတောင်ဘက်ခြမ်း နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ရေးအရှိန်မြှင့်တင်နေချိန်တွင် ယခုကဲ့သို့ မြို့တွင်းကန့်သတ်ချက်များ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...