ရခိုင်တွင် ကြက်သွန် စမ်းသပ်စိုက်ပျိုးမှု ဖြစ်ထွန်းနေ

ရခိုင်တွင် ကြက်သွန် စမ်းသပ်စိုက်ပျိုးမှု ဖြစ်ထွန်းနေ

ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး အရည်အသွေးမီ ဈေးကွက်သို့ တင်ပို့နိုင်ရန် ကြက်သွန်စိုက် တောင်သူများက မျှော်မှန်းနေကြသည်။

ရခိုင်ပြည်အတွက် လိုအပ်သည့် ကြက်သွန်နီများကို ယခင် ပြည်မဖက်က အဓိက တင်သွင်းကြပြီး တိုက်ပွဲများကြောင့် စစ်ကောင်စီသည် ရခိုင်ကုန်သွယ်မှု ပိတ်ပင်လိုက်ပြီးနောက် အိန္ဒိယဖက်မှ တင်သွင်းနေခြင်းဖြစ်သည်။ 

သို့သော် ယခုအခါ ရခိုင်ပြည်အတွက် နေ့စဉ်စားသုံးရန် လိုအပ်သည့် ကြက်သွန်များကို တောင်သူများက ရခိုင်ဒေသအတွင်း စမ်းသပ် စိုက်ပျိုးနေကြခြင်းဖြစ်သည်။

ကြက်သွန်နီစိုက်ခင်းပိုင်ရှင် ကိုစစ်အေးပိုင်က “ ဒီနှစ်မှ စီးပွားဖြစ် စိုက်ပျိုးတာ။ ရခိုင်မှာ ကြက်သွန်နီ စိုက်ပျိုးလို့ ဖြစ်နိုင်ပါတယ်။ ကြက်သွန်ဆိုတာက စပါးလိုပဲ အစေ့ချထားလို့ရှိရင် အပင်ပေါက်တာပါပဲ။ အပင်ကြီးပြီးမှ ရွှေ့ပြောင်းရက်ကနေ ရက်ပေါင်း ၄၀ ကျော်ဆိုရင် ဂရုစိုက်ပေးရတယ်။ ရခိုင်ဒေသမှာတော့ ရေချို ရရှိနိုင်တဲ့ မြစ်၊ ချောင်းတွေရှိတော့ ပိုပြီး အဆင်ပြေတယ်။ ရေတင်ဖို့ အတွက်လည်း ဆိုလာစနစ်နဲ့ DC မော်တာတွေကို သုံးပြီး စိုက်ပျိုးရင် ကုန်ကျစရိတ် ပိုပြီး သက်သာလာမယ် ” ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်တွင်း ကြက်သွန်ခင်းများကို ဒေသတွင်း စားနပ်ရိက္ခာဖုံလှုံရေး၌ တစ်ဖက်တစ်လမ်းက ကူညီနိုင်ရန် ရည်ရွယ်ချက်များ ရှိနေကြသည်။

ကြက်သွန်စိုက်ပျိုးမှုကို မြောက်ဦးမြို့နယ် လေးမြို့မြစ်ကမ်းအနီးက ကျေးရွာများတွင် စိုက်ပျိုးနေကြပြီး ရခိုင် ပြည်တွင်း စားသုံးရေး ဖူလှုံရန်နှင့် ဖြန့်ဖြူးနိုင်ရေး မျှော်မှန်းထားကြောင်း ကိုစစ်အေးပိုင်က ပြောသည်။

“ လောလောဆယ် ကျနော်တို့ စိုက်ပျိုးထားတဲ့ ဧကအရ ဆိုရင်တော့ ဒေသတွင်းပဲ ဖြန့်ဖြူးဖို့ပဲ စိုက်ပျိုးထားတာပါ။ နောက်ဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာရင်တော့ ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်အောင် တိုးချဲ့ စိုက်ပျိုးသွားမှာပါ ” ဟု ကိုစစ်အေးပိုင်က ရှင်းပြသည်။

ယခု ရခိုင်ပြည်တွင် စမ်းသပ်စိုက်ပျိုးနေကြသည့် ကြက်သွန်စိုက်ခင်းများမှာ ပြည်မ ဒေသ အညာဖက်က မှာယူထားကြသည့် ရွှေဖလားမျိုးစိတ်များသည်ဟု သိရသည်။

ထို့အတူ ကြက်သွန်စိုက်ခင်းများတွင် ဒေသခံ အခြေခံလူတန်းစားများမှာလည်း အလုပ်အကိုင်အခွင့်အလမ်းများ ရှိလာနေပြီး ပုံမှန်ဝင်ငွေတစ်ခု ရရှိစေကြောင်း ကြက်သွန်စိုက်ခင်းတွင် အလုပ်လုပ်နေသူများက ဆိုသည်။

ကြက်သွန်စိုက်ခင်း အလုပ်သမား ကိုချစ်မောင်က “ အခု ကြက်သွန်ခင်းတွေမှာ အလုပ်လုပ်ရတာက ပိုပြီးကောင်းတယ်။ အရင်က ကျပန်းအလုပ်လုပ်ရတာပေါ့။ ထင်းခွေ၊ ရေခပ်၊ ကျောက်တင်တာတွေ လုပ်ကြရတာ။ အခုက နေ့တိုင်း အလုပ်လုပ်နေကြရတာက ပိုကောင်းတယ် ” ဟု ပြောသည်။ 

ကြက်သွန်စိုက်ခင်းများတွင် အမျိုးသားတစ်ဦး တစ်နေ့ လုပ်အားခ ငွေကျပ်၂၀,၀၀၀ ကျပ်ရရှိကြပြီး အမျိုးသမီးတစ်ဦး တစ်နေ့ လုပ်အားခ ငွေကျပ် ၁၂,၀၀၀ ရရှိကြောင်း ပြောကြသည်။

လက်ရှိ ရခိုင်ပြည်တွင် ကြက်သွန်နီ တစ်ပိဿာကို ပေါက်ဈေး ၆,၀၀၀ ကျော် ရှိနေပြီး စိုက်ပျိုးတောင်သူများ အတွက် အမြတ်ရနိုင်ကြောင်း ပြောကြသည်။

ကိုစစ်အေးပိုင်က “ လက်ရှိပေါက်ဈေးကလည်း မဆိုးတဲ့ ဈေးနှုန်းမှာ ရှိတယ်။ တွက်ခြေ ကိုက်ပါတယ်။ ကျနော်မှာ စိုက်ဧက ၆ ဧကဆိုတော့ ပိဿာ ၃၀,၀၀၀ လောက်ထွက်မယ်လို့ မှန်းထားတယ်။ ၆,၀၀၀ ကျပ်နဲ့ဆိုရင်လည်း မဆိုးပါဘူး၊ မြတ်နိုင်ခြေရှိပါတယ်” ဟု ပြောသည်။

ယခုစိုက်ပျိုးနေကြသည့် ကြက်သွန်များကို ပြည်မနှင့် ပြည်ပနိုင်ငံများကို တင်ပို့ရောင်းချရန် ခက်ခဲနေသေးသော်လည်း အစိုးရအနေဖြင့် တောင်သူများကို စိုက်ပျိုးရေး နည်းပညာများနှင့် ပတ်သတ်ပြီး နည်းပညာ မြှင့်တင်ပေးရန် လိုအပ်ချက်များ ရှိနေဆဲဟု တောင်သူများက ပြောသည်။

“ လက်ရှိ ကျနော်တို့ ပြဿနာက သွင်းအားစု စရိတ်တွေပေါ့။ ကုန်ကျစရိတ်ကတော့ များတယ်။ ဒီစရိတ်တွေကို လျော့ချနိုင်ရင်တော့ ဈေးကွက်ယှဉ်ပြိုင်လို့ ရတယ်။ ဒါပေမဲ့ ဧကနည်းနည်းနဲ့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးတာထက် အများကြီး ထုတ်လုပ်နိုင်ဖို့ဆိုရင်တော့ ယှဉ်ပြိုင်နိုင်မယ် ထင်ပါတယ်” ဟု ကိုစစ်အေးပိုင်က ဆိုသည်။ 

ယင်းအပြင် ရခိုင်တောင်သူများအနေဖြင့်လည်း စပါးစိုက်ပျိုးပြီးလျှင် လယ်မြေများကို ကွက်လပ်မထားဘဲ စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် နေကြာ၊ ကုလားပဲ၊ ကြက်သွန်တို့ကို စိုက်ပျိုးကြပြီး ဝင်ငွေရှာကြရန်လည်း တိုက်တွန်းမှု ရှိနေသည်။

ရခိုင်ပြည်တွင် ကြက်သွန်ဈေးကွက်မှာ ငွေကျပ် ၁၀,၀၀၀ အထိ ဈေးတက်လေ့ရှိသဖြင့် တောင်သူများအတွက် စမ်းသပ်စိုက်ပျိုးသည့် ပထမနှစ်တွင်ပင် စီးပွားရေးအရ အကျိုးအမြတ် ဖြစ်ထွန်းနိုင်ပြီး အောင်မြင်သည့် စိုက်ပျိုးသီးနှံတစ်ခုဖြစ်လာနိုင်ကြောင် တောင်သူများက သုံးသပ်နေကြသည်။

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...