ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက သဝဏ်လွှာများကိုယ်စီ ပေးပို့လာကြသည်။
သဝဏ်လွှာများပေးပို့လာကြသော တော်လှန်ရေးတပ်ဖွဲ့များမှာ AA ၏ ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA)နှင့် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/ MNDAA) (ပူးတွဲ)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး(အထူးလှုပ်ရှားတပ်မ) (PDF - MANDALAY)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA - Magway)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (Chin People's Union)၊ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/ SAF)၊ ဧရာဝတီပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (A.S.D.F)၊ ချင်းညီနောင်( CHIN BROTHERHOOD)၊ 96 Soilders - PDF၊ အလုပ်အမှုဆောင်စီမံအုပ်ချုပ်ရေးကော်မတီ/ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MDF/ MTC)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (P.L.F)၊ ယောကာကွယ်ရေးတပ် (YDF)နှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/ PIA)တို့ဖြစ်ကြသည်ဟု AA က ယနေ့ နေ့လယ်ပိုင်းအချိန်ထိထုတ်ပြန်ထားချက်အရ သိရသည်။
နောက်ထပ်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများကလည်း အသီးသီးပေးပို့လျက်ရှိသည်ဟု သိရသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ပေးပို့သော သဝဏ်လွှာတွင် "အာရက္ခတပ်တော်အနေဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ အာရက္ခအိပ်မက်ကို အမြန်ဆုံးအကောင်ထည်ဖော်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပြီး PLA အနေနှင့်လည်း စစ်သုံးစစ်(စစ်အာဏာရှင်စနစ်)အမြစ်ပြတ်ရေးနှင့် အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရာတွင် အာရက္ခတပ်တော်နှင့် မဟာမိတ်ကောင်းများအဖြစ် အတူလက်တွဲ၍ တိုက်ပွဲဝင်သွားရန် မျှော်လင့်ကြောင်း" ဖော်ပြထားသည်။
AA ၏ ညီနောင်အဖွဲ့ဝင်နှစ်ဖွဲ့ဖြစ်သည့် MNDAA နှင့် TNLA ၏ ပူးတွဲပေးပို့သော သဝဏ်လွှာတွင် “လက်ရှိအချိန်တွင် အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်ရှိ ပြည်သူလူထုတစ်ရပ်လုံးအတွက် ပိုမိုကောင်းမွန် သည့် စီမံအုပ်ချုပ်မှု နှင့် လုံခြုံစိတ်ချရသည့် လူမှုဘဝကို ပေးစွမ်းနိုင်ရန် တော်လှန်ရေးလောကဓံအား ကြံ့ကြံ့ခံ၍ မြို့နယ်အားလုံးနီးပါးကိုလည်း သိမ်းပိုက်အုပ်ချုပ်ထားနိုင်ခဲ့ပြီး ဖြစ်သည်။ ဤသည်မှာ "စည်းလုံးခြင်းသည် အင်အား” ဟူသည့် အာရက္ခတပ်တော် နှင့် ရက္ခိုင်ပြည်သူလူထုတို့၏ ခိုင်မာသောမျှော်မှန်းချက်တို့နှင့်အတူ ဥမကွဲ သိုက်မပျက် ကြိုးပမ်းအားထုတ်မှု၊ စွန့်လွှတ်အနစ်နာခံမှု နှင့် စည်းလုံးညီညွတ်မှုရလဒ်ဖြစ်ပြီး မြန်မာနိုင်ငံရှိတိုင်းရင်းသားအသီးသီးတို့အတွက် အတုယူဖွယ်သက်သေပြယုဂ် တစ်ရပ်ပင် ဖြစ်သည်။”ဟု ဖော်ပြထားသည်။
အလားတူ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/ SAF)မှ ပေးပို့သော သဝဏ်လွှာတွင်လည်း "အာရက္ခလမ်းစဉ်ကို အောင်မြင်စွာ အကောင်ထည်ဖော်နိုင်ရန် လက်တကမ်းအလိုကိုရောက်ရှိခဲ့ပြီဖြစ်သည့်အတွက် အာရက္ခတပ်တော်၏ တော်လှန်ရေး ခရီးကြမ်းရှည်ကြီးသည် ယနေ့ဆိုလျင် (၁၇) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဤနှစ်တာကာလအတွင်း၌ အာရက္ခတပ်တော်မှာ ရှေ့တန်းမှ ဦးဆောင်၍ အာရက္ခလူထုတစ်ရပ်လုံး ပေးဆပ်စွန့်လွှတ်မှုပေါင်းများစွာဖြင့် တော်လှန်ရေးလောကဓံဆူကြုံနိမ့်မြင့်တို့ ဖြတ်ကျော်ခဲ့ပုံများကို မိမိတို့အနေနှင့် လွန်စွာလေးစားတန်ဖိုးထားကြောင်း"ရေးသားထားသည်။
ယင်းအပြင် "အာရက္ခတပ်တော်၏ ရက္ခိတလမ်းစဉ်ကို ဗဟိုပြုကာဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ကြီးကို အောင်မြင်စွာအကောင်ထည်ဖော်နိုင်မည်ဟု ယုံကြည်ပြီး ထိုမှတစ်ဆင့် ပြည်သူလူထုတစ်ရပ်လုံး လွတ်လပ်မျှတသော အာရက္ခပြည်ကို ထူထောင်ဖန်တီးနိုင်ပါစေကြောင်း" ဆုမွန်ကောင်းတောင်းပြီး ပေးပို့ထားသည်။
ယောကာကွယ်ရေးတပ်(YDF)က ပေးပို့သော သဝဏ်လွှာတွင် "YDF အနေဖြင့် AA ၏ ညီရင်း အစ်ကိုပမာ ကူညီသွန်သင်လမ်းပြမှုများကြောင့် ယောအမျိုးသားရေးလမ်းစဉ်ကို ချမှတ်နိုင်ခဲ့ပြီး ယောအမျိုးသားရေး ပဋိညာဉ်အပါအဝင် ခိုင်မာသည့်စုဖွဲ့လေ့ကျင့်မှု စည်းကမ်းပြည့်ဝသော တပ်တစ်ခုအဖြစ်ရပ်တည်နိုင်အောင်တည်ဆောက်ကူညီပံ့ပိုးပေးခဲ့မှုများအတွက် များစွာကျေးဇူးတင်ဂုဏ်ပြုကြောင်း" ဖော်ပြထားသည်။
96 Soilders - PDF က ပေးပို့သော သဝဏ်လွှာတွင် "အမျိုးသားလွတ်မြောက်ရေးအတွက် မရပ်မနားကြိုးပမ်းကြသည့် အာရက္ခ အာဇာနည်ရဲဘော်များ၊ တပ်ဖွဲ့ဝင်များ၊ ပံ့ပိုးကူညီကြသည့် ရက္ခိုင့်ပြည်သူများအားလုံးကို လေးစားဂုဏ်ယူပါသည်။ အာရက္ခတပ်တော်အနေဖြင့် မိမိတို့ တပ်ဖွဲ့ကို လေ့ကျင့်သင်ကြားပေးခြင်း၊ အကူအညီများပေးခြင်းနှင့် လက်ရှိတိုက်ပွဲများတွင် လက်တွဲတိုက်ပွဲဝင်ခွင့်ပေးခြင်းတို့အတွက်လည်း အထူးကျေးဇူးတင်ပြီး အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်သူများ လိုလားတောင့်တနေသည့် အာရက္ခအိပ်မက် ပြီးပြည့်စုံအောင် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း" ဆိုသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(P.L.F)က ပေးပို့သော သဝဏ်လွှာတွင် "အာရက္ခတပ်တော်သည် နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်ခဲ့သော P.L.F အပေါ် မဟာမိတ်ကောင်းပီသစွာဖြင့် လမ်းညွှန်ပြသမှု၊ ကူညီထောက်ပံ့မှုတို့အပေါ် များစွာ ကျေးဇူးတင်ရှိကြောင်း" ဆိုသည်။
ယင်းအပြင် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(P.L.F)အနေနှင့်လည်း စစ်သုံးစစ် အမြစ်ဖြတ်ရေး၊ လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့တွင် အာရက္ခတပ်တော်၏ နိုင်ငံရေး၊ စစ်ရေးနည်းနာများကို စံပြုလျက် မဟာမိတ် အာရက္ခတပ်တော်နည်းတူ တော်လှန်ရေးအိမ်စာကြေရန်အတွက် ကြိုးစားဖြတ်သန်းနေပြီး စစ်သုံးစစ် အမြတ်ပြတ်သည်အထိ မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ပေးပို့ထားသည်။
အာရက္ခတပ်တော်ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်တို့က ဦးဆောင်ပြီး မျိုးချစ်ရက္ခိုင်လူငယ် (၂၆)ဦးနှင့်အတူ ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်ရာ လိုင်ဇာ၌ စတင်ဖွဲ့စည်း ထူထောင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရခိုင်ပြည်အတွင်း မြို့နယ် ၁၄ ခုနှင့် ပလက်ဝမြို့နယ်တို့ကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။
ရခိုင်တွင် နောက်ဆုံးလက်ကျန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့သာ ကျန်တော့သည်ဟု သိရသည်။







