ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဋ္ဌ နော်ကညောဖောနှင့် တွေ့ဆုံမေးမြန်းခြင်း

ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဋ္ဌ နော်ကညောဖောနှင့် တွေ့ဆုံမေးမြန်းခြင်း

“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။ ဒီအပေါ်မှာ ကျမတို့အနေနဲ့ အကြံပေး တိုင်ပင်ဆွေးနွေးရတယ်။ သူတို့အနေနဲ့လည်း ကျမတို့ အမျိုးသမီးတွေရဲ့ အသံကို အသိအမှတ်ပြုပါလိမ့်မယ်။”

ကရင်အမျိုးသမီးအစည်းအရုံး (KWO) ၏ (၈) ကြိမ်မြောက် ကွန်ဂရက်အပြီး လေးကြိမ်မြောက် ကျင်းပသည့် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးကို ပြီးခဲ့သည့် မတ်လအတွင်းက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ အစည်းအဝေးမှ KWO ၏ နောင်လာမည့် ရှေ့လုပ်ငန်းစဉ်များအပြင် ကော်သူးလေအစိုးရတည်ဆောက်မည်ဆိုသည့်အပေါ် သိရှိချက်များနှင့် ဒုက္ခသည်စခန်းမှ နောက်ဆုံးအခြေအနေများကို သိခွင့်ရရန် KWO ဥက္ကဋ္ဌ နော်ကညောဖောနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ KWO ရဲ့ လေးကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးမှာ အဓိက ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးပြီး ဆုံးဖြတ်ခဲ့ကြသလဲ။

ဖြေ။ ။ ကော်သူးလေအစိုးရတည်ဆောက်ဖို့ စဉ်းစားတိုင်ပင်ရမယ်။ ဘာဖြစ်လို့လဲဆိုရင် ကော်သူးလေအစိုးရတည်ဆောက်ဖို့ ကေအဲန်ယူ ပြောတာ ကြာနေပြီ။ ကရင်အမျိုး သမီးအစည်းအရုံးအနေနဲ့ အစည်းအဝေးတွေထဲမှာ သွားရောက်ပါဝင်ခဲ့တယ်။ အဲဒီစာမူကြမ်းတွေက အသစ်သစ်တွေ အမျိုးမျိုး ထွက်လာတာလည်း ရှိတယ်။ နောက်ဆုံးအခြေအနေအရ ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။ ဒီအပေါ်မှာ ကျမတို့အနေနဲ့ အကြံပေး တိုင်ပင်ဆွေးနွေးရတယ်။ ကျမတို့ ဘယ်လိုမြင်လဲ၊ ဘယ်လိုသဘောထားလဲဆိုတာကို တိုင်ပင်ဆွေးနွေးတဲ့အနေနဲ့ အတွင်းရေးမှူးချုပ်နဲ့ ပြောဆိုဖြစ်တယ်။ သူတို့အနေနဲ့လည်း ကျမတို့ အမျိုးသမီးတွေရဲ့အသံကို အသိအမှတ်ပြုပါလိမ့်မယ်။

မေး။ ။ ကော်သူးလေအစိုးရ တည်ဆောက်မယ်ဆိုရင် ဘာတွေများ ပြောင်းလဲမှုရှိလာမလဲ။

ဖြေ။ ။ ကျမ စဉ်းစားမိတာက အများပြည်သူအားလုံး ကော်သူးလေအစိုးရကို လိုချင်နေကြတာ။ ကော်သူးလေကို တည်ဆောက်ပြီး ကော်သူးလေအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းမယ်ဆိုရင် ကေအဲန်ယူ အဖွဲ့အစည်းထဲကမဟုတ်ဘဲ တခြားသော အဖွဲ့အစည်းတွေက ဘယ်ကဏ္ဍကိုမဆို အမျိုးသမီး တစ်ယောက်အနေနဲ့၊ လူငယ်တစ်ယောက်အနေနဲ့ လာရောက်ပူးပေါင်းပါဝင်လို့ရတယ် ဆိုတဲ့သဘောမျိုးက တစ်ခု။ လမ်းကြောင်းတစ်ခု ပွင့်လာတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ထိပ်သီးခေါင်းဆောင်အပိုင်း၊ နိုင်ငံရေးအပိုင်းကတော့ ကေအဲန်ယူအနေနဲ့ လုပ်ငန်းစဉ် ပြောင်းလဲသွားမှာ မဟုတ်ဘူး။

မေး။ ။ KWO အနေနဲ့လည်း ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်တာလုံး လှုပ်ရှားဆောင်ရွက်ခဲ့မှုတွေကို အကျဉ်းချုံးလေး ပြောပြပေးပါ။

ဖြေ။ ။ ၂၀၂၅ တစ်နှစ်လုံးကို ခြုံကြည့်ရမယ်ဆိုရင် KWO နှစ် (၄၀) ပြည့်မှာ အမျိုးသမီးတွေကို ဂုဏ်ပြုချီးမြှင့်ခွင့်ရတယ်။ အမျိုးသမီးတွေရဲ့ ပရိုဖိုင်းကိုလည်း ရေးသားဖော်ပြခွင့်ရတယ်။ အများပြည်သူတွေက ကရင်အမျိုးသမီးအစည်းအရုံးကို သိလာဖို့ ပြောကြားခွင့်ရတာ ကျမတို့အတွက် ရလဒ်တစ်ခုပဲ။

နောက်တစ်ခုက ကျမတို့ ကရင်အမျိုးသမီးကွန်ရက်ကိုလည်း တည်ဆောက်ခဲ့တယ်။ ကေအဲန်ယူနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ကရင်အမျိုးသမီးကွန်ရက်ကို ဖွဲ့စည်းပြီးနောက် တခြားသော တိုင်းရင်းသား အဖွဲ့တွေလည်း ပါဝင်လာတာကို တွေ့ရတာဖြစ်တဲ့အတွက် ရလဒ်တစ်ခုလို့ မြင်မိပါတယ်။ ကျမတို့ KWO က အများပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံခွင့်ရခဲ့တာ၊ ဒုက္ခသည်စခန်းတွေမှာ သွားရောက်ခွင့်ရခဲ့ပြီး သူတို့တွေရဲ့ အခြေအနေတွေကို သိခွင့်ရခဲ့တာလည်း ကျမတို့အတွက် ရလဒ်တစ်ခုပါပဲ။

ဒုက္ခသည်စခန်းအတွက်ဆိုရင် ကျမတို့ ထိုင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။ ဒုက္ခသည် စခန်းကလူတွေ အပြင်ထွက်အလုပ်လုပ်ဖို့ကို ကျမတို့တစ်ဖွဲ့တည်းတော့ မဟုတ်ဘူး၊ တခြားသော အဖွဲ့အစည်းတွေနဲ့အတူ ကျမတို့လည်း သွားရောက်ပါဝင်ပြောဆိုခွင့်ရတဲ့အပေါ်မှာ ထိုင်း အာဏာပိုင်တွေက အခွင့်ပေးပြီး ဆုံးဖြတ်ပေးခဲ့တာတွေကလည်း ကျမတို့အတွက် ရလဒ်တစ်ခုပဲလို့ ပြောလို့ရတယ်။

ကျမတို့ အဆင့်မြင့်နိုင်ငံရေးသင်တန်း၊ ကရင်အမျိုးသမီးလူငယ်ခေါင်းဆောင်သင်တန်းနဲ့ အဆင့်မြင့်နိုင်ငံရေးသင်တန်းကိုလည်း စီစဉ်ဆောင်ရွက်ခွင့်ရခဲ့တယ်။ အဲဒီအရာက ကျမတို့အတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုပဲ။ ကေအဲန်ယူအဖွဲ့အစည်းက လာတဲ့သူတွေပဲဖြစ်ဖြစ်၊ မြို့နယ်အသီးသီးက အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပိုမိုသိရှိလာဖို့ကို သင်တန်းပေးခွင့်ရတာဟာ ရလဒ်တစ်ခုပါပဲ။

မေး။ ။ ဒုက္ခသည်စခန်းကိစ္စပါ ထည့်ပြောသွားတော့ ဒုက္ခသည်စခန်းတွေရဲ့ နောက်ဆုံးအခြေအနေလေး သိပါရစေ။

ဖြေ။ ။ ဒုက္ခသည်ကိစ္စကတော့ အထောက်အပံ့တွေ နည်းသွားတဲ့အပေါ်မှာ ဒုက္ခသည်တွေ အပြင်ထွက်အလုပ်လုပ်ဖို့ကို ပြောဆိုခဲ့တာတွေရှိတယ်။ အဲဒီအပေါ်မှာ တချို့ကျတော့ သွားရောက်လုပ်ကိုင်တာ အဆင်ပြေမှုတွေရှိတယ်။ ဒါပေမဲ့ လက်ရှိ ထိုင်းအာဏာပိုင်တွေက စည်းကမ်းချက်တွေ ပိုမိုသတ်မှတ်လာတဲ့အပေါ်မှာ ၁၈ နှစ်ကနေ ၃၀ နှစ်အတွင်း သွားရောက် အလုပ်လုပ်ကိုင်ခွင့် ရခဲ့တာ။

၃၀ နှစ်အထက်အတွက်တော့ မရှိသေးဘူး။ နောက်ပြီး များသောအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေက လာရောက်ခေါ်ယူတာတွေ ရှိမယ်။ အဲဒါတွေကတော့ ရလဒ်တစ်ခုလိုဖြစ်ပေမဲ့ လစာအဆင်မပြေတာတွေ၊ သူတို့အတွက် အသိအမှတ်ပြုလက်မှတ် တစ်ခုခုရှိဖို့ကို ကျမတို့အနေနဲ့ ဆက်လုပ်သွားရမှာတွေ ရှိတယ်။ ကုမ္ပဏီတွေက လာခေါ်မှပဲ သွားရတာဖြစ်တဲ့အတွက်ကြောင့် အဲလိုမဟုတ်ဘဲ သူတို့အနေနဲ့ သူတို့လုပ်ချင်တဲ့အလုပ် သွားရောက်လုပ်ကိုင်နိုင်ခွင့်ကိုဆက်လက်လုပ်ဆောင်သွားဖို့ လိုတယ်။

နောက်တစ်ခုက သူတို့တွေအနေနဲ့ ထိုင်းဘာသာစကားကို လေ့လာသင်ကြားခွင့်ပေါ့။ ဘာလို့ဆို ထိုင်းနိုင်ငံအတွင်းမှာဖြစ်တဲ့အတွက် သူတို့အလုပ်သွားလုပ်မယ်ဆို သူတို့ဘာသာစကားရမှ ဖြစ်မယ်။ ကျောင်းဆရာမ၊ ဆေးဆရာ၊ ဒုက္ခသည်စခန်းခေါင်းဆောင် သူတို့တွေ အပြင်ထွက် အလုပ်လုပ်စရာမလိုဘဲ ထောက်ပံ့မှုတွေ ဆက်ရှိဖို့ လိုပါတယ်။ အခုလည်း ကျမတို့ ကြားနေရတာ ထိုင်းတာဝန်ရှိသူတွေ ဒုက္ခသည်ဆေးခန်းတွေမှာ ပညာသင်တန်း လက်တွေ့ပေးပြီး ဆေးခန်း၊ ဆေးရုံတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ပြီး ဆက်သွားစေချင်ပါတယ်။ ဒါကလည်း ကျမတို့ ဒုက္ခသည်တွေအတွက် ပြောင်းလဲမှုကြီး ဖြစ်ပါလိမ့်မယ်။

မေး။ ။ ဒုက္ခသည်စခန်းကသူတွေ တတိယနိုင်ငံကို သွားဖို့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ပြောပြပါအုံး။

ဖြေ။ ။ တတိယနိုင်ငံကို အစီအစဉ်ကြီးကြီးမားမားမျိုး သွားဖို့တော့ မရှိသေးဘူး။ တချို့နိုင်ငံတွေနဲ့ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေခေါ်ရင်တော့ ရှိသေးတယ်၊ ရသေးတယ်။ ဩစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ ရှိမယ်။ အမေရိကန်ကတော့ ပိတ်ထားတုန်းမို့လို့ မရှိဘူး။ တခြားသော နိုင်ငံတွေကတော့ အချို့ သွားကြတာ ရှိမယ်။ အစီအစဉ်အကြီးကြီးတော့ မရှိတော့ဘူး။

မေး။ ။ KWO ရဲ့ လာမယ့် ရှေ့လုပ်ငန်းစဉ်ကိုလည်း သိပါရစေ။

ဖြေ။ ။ ရှေ့လုပ်ငန်းစဉ်အနေနဲ့ အမျိုးသမီးတွေ ခရိုင်၊ မြို့နယ်တွေမှာ ပါဝင်ဖို့ လုပ်ဆောင်ရမယ်။ ကေအဲန်ယူထဲက အမျိုးသမီးဖြစ်ဖြစ်၊ KWO အမျိုးသမီးပဲဖြစ်ဖြစ်၊ ရပ်ရွာထဲက အမျိုးသမီးတွေပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပိုမိုသိပြီး ပါဝင်လာဖို့ အသိပညာပေးတာတွေကို လုပ်ဆောင်ရမယ်။ အမျိုးသမီးပါဝင်မှု ၃၀ ရာခိုင်နှုန်း ရှိရမယ်။ ဌာနဆိုင်ရာတွေမှာ အမျိုးသမီးတွေ ဦးဆောင်ပါဝင်လာနိုင်ဖို့ ဦးစားပေး လုပ်ဆောင်ရမယ်။

ခရိုင်၊ မြို့နယ်တွေမှာ သင်တန်းပေးတဲ့အပြင် နိုင်ငံရေးသင်တန်းကိုပါ ဆက်ပေးဖို့ လိုအပ်တယ်။ ကျမတို့ အဖွဲ့အစည်းအနေနဲ့လည်း လုပ်ဆောင်မှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်ရမယ်။ ပြောရမယ်ဆို စစ်ရေးပိုင်းမှာ အမျိုးသမီးတွေ ပါဝင်မှုနည်းတာကိုလည်း ပိုမိုတိုက်တွန်းရမယ်။ အားနည်းနေတဲ့ အပိုင်းကို အားစိုက် ထုတ်ရမယ်။ စာသင်ကျောင်းထောက်ပံ့မှုတွေကတော့ ရှာရဦးမယ်၊ လုံလောက်မှုမရှိဘူး။ တချို့ဆို ကလေးတွေ ကျောင်းတက်ချင်ပေမဲ့ မတက်နိုင်တာတွေ ရှိတယ်။ အဲဒီအပေါ်မှာ ကျမတို့ ဆက်လက်လုပ်ဆောင်ရမယ်။ KECD နဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေကို သေချာလေး ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်။

အရေးကြီးဆုံးတစ်ခုက ကျမတို့ Advocacy (စည်းရုံးလှုံ့ဆော်မှု)လုပ်ရမယ်။ အသံတွေ များများထွက်ဖို့ လိုတယ်။ ဘာလို့ဆို ကျမတို့ လူမျိုးနဲ့ နိုင်ငံကို အသိအမှတ်ပြုဖို့က ပြောဆိုမှုတွေ နည်းနေလို့ ဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တခြားသော တိုင်းရင်းသားလူမျိုးတွေအပြင် ကျမတို့ အမျိုးသမီး တွေက မြေပြင်ဆင်း လက်တွေ့လုပ်ဆောင်တယ်။ ကျမတို့အနေနဲ့ လက်တွေ့ပြရမှာက စစ်ကောင်စီက လူ့အခွင့်အရေး ချိုးဖောက်တယ်၊ သူတို့ကို ထောက်ပံ့မှုမလုပ်ဖို့၊ စီးပွားရေးပိတ်ဆို့မှု၊ ဝင်ငွေလမ်းကြောင်း ပိတ်ဆို့မှု၊ လက်နက်တွေ ပိတ်ဆို့မှုကို တားမြစ်ရမယ်။ နောက်ပိုင်းဆို ပိုခက်လာမယ်။ စစ်ကောင်စီ ရွေးကောက်ပွဲ နိုင်သွားပြီ၊ သူတို့ တရားဝင်မှုရှိသွားပြီ။ အဲဒါကြောင့် ကျမတို့၊ တခြားသောသူတို့ Advocacy လုပ်ပြီး အဖွဲ့အစည်း၊ နိုင်ငံ၊ အာဆီယံ၊ UN တို့ကို တိုက်တွန်းပြောဆိုရမယ်။ အဲဒါက ကျမတို့ ရှေ့လုပ်ဆောင်ရမယ့် အရာဖြစ်တယ်။

သူတို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ အမျိုးသမီးအစည်းအရုံးတွေ မြေပြင်မှာ နိုင်ငံရေးရော စစ်ရေးရော၊ အားတက်သရော လုပ်ဆောင်နေမှုတွေကို ပြသရမယ်။ စစ်ကောင်စီကတော့ သူတို့ရဲ့ လုပ်ငန်းတွေက မူဝါဒရှိတာကို တခြားနိုင်ငံတွေ မြင်ရဖို့ ကျမတို့ ဆက်ပြီးပြောဆိုရမှာ ဖြစ်ပါတယ်။ ဒါကတော့ အရေးကြီးဆုံးပါပဲ။

မေး။ ။ စစ်ရေးမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ အသံတွေ နည်းနေတာ တွေ့ရတယ်ဆိုတာ ဘယ်လိုလဲ ရှင်းပြပေးပါ။

ဖြေ။ ။ စစ်ရေးမှာတော့ အမျိုးသမီးအသံတွေ နည်းတယ်။ ဒါပေမဲ့ အခုတော့ ပိုမိုများလာပြီလို့ ပြောလို့ရတယ်။ တချို့ ခေါင်းဆောင်ပိုင်းတွေမှာတော့ အမျိုးသမီးတွေက စစ်ရေးမှာ မလုပ်ဆောင်နိုင် ဘူးဆိုပြီး ခေါင်းထဲမှာ သိပ်စဉ်းစားမှု မရှိဘူး။ စစ်သင်တန်းတွေမှာဆိုလည်း အမျိုးသမီးတွေကို နောက် မှာပဲ ထားတယ်။ ဒါတွေကို ကျမတို့ ကြည့်ခြင်းဖြင့် နိုင်ငံရေးပိုင်းမှာတောင် နှစ်တွေကြာနေတာ စစ်ရေးပိုင်းဆိုရင်တော့ ပိုကြာပါဦးမယ်။

စစ်ရေးပိုင်းမှာဆို အမျိုးသမီးတွေက မလုပ်ဆောင်နိုင်ဘူး၊ ဝင်ပါဖို့မလိုဘူး၊ သူတို့ ဘယ်နှစ်နှစ်ပဲကြာကြာ နေရာရတယ်ဆိုတာ မရှိဘူး။ ဒီတော့ စစ်ရေးပိုင်းမှာ အမျိုးသမီးတွေကို အသိအမှတ်ပြုတာတို့၊ ပါဝင်တာတို့ကတော့ အရမ်းနည်းပါတယ်။

မေး။ ။ ပဋိပက္ခအတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်နေလဲ။

ဖြေ။ ။ ၂၀၂၅ နှစ်ကုန်အတွင်းမှာဆို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကော်သူးလေနယ်မြေထဲမှာ သေဆုံးသူလူဦးရေ (၁,၃၀၀) ကျော်တယ်။ အဲဒီအထဲမှာမှ အမျိုးသမီး (၅၀၀) ကျော် ပါဝင်တယ်။ ထိခိုက်မှုမှာဆို လူဦးရေ (၃,၀၀၀) ကျော်ရှိတဲ့အထဲ အမျိုးသမီးက (၁,၂၀၀) ကျော်တယ်။ ကြည့်ရမယ်ဆို အမျိုးသမီးတွေကိုပဲ တိုက်ရိုက်ထိခိုက်နေတာ။ များသောအားဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေ အထိများတယ်။ အကျိုးသက်ရောက်မှုဟာဆို သေဆုံးမှုတွေရှိမယ်၊ စစ်ရှောင်ရတာဆိုတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိမယ်၊ စားသောက်မှု၊ ကျန်းမာရေး၊ ပညာရေး အကုန်လုံး ထိခိုက်မှုတွေ ရှိတယ်။

တောထဲမှာ ရှောင်ရတဲ့အတွက်ကြောင့် ခြင်ကိုက်တာ၊ သောက်သုံးရေမသန့်ရှင်းမှုကြောင့် အရေပြားယားယံမှုတွေ အမျိုးမျိုး ကြုံတွေ့ရတယ်။ နောက်တစ်ခုက ကလေးမိခင်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာပေါ့။ အတွေးများပြီး အိပ်မရတာတွေကြောင့် ကျန်းမာရေးအပိုင်းတွေ ထိခိုက်တယ်။ ပြည့်ဝစွာ မစားသောက်ရတဲ့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆို ကလေးအတွက်လည်း အန္တရာယ်ဖြစ်သလို မိခင်အတွက်လည်း ဖြစ်စေတယ်။ ကြောက်ရွံ့မှုတွေကလည်း အမျိုးမျိုး အကျိုးသက်ရောက်မှု ရှိတယ်။

Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...
Photo: KNU
April 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ အကျဥ်းထောင်မှ...
April 9, 2026
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်...
April 8, 2026
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ နယ်ခြားစောင့်တပ် (BGF) မှ အသွင်ပြောင်းထားသော ကရင်အမျိုး...