ကော်သူးလေပဋိဉာဥ် တရားဝင်အတည်ပြုပြီးကြောင်း ကေအဲန်ယူ ကြေညာ

ကော်သူးလေပဋိဉာဥ် တရားဝင်အတည်ပြုပြီးကြောင်း ကေအဲန်ယူ ကြေညာ
Photo: KIC
Photo: KIC

ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို တရားဝင်အတည်ပြုခဲ့ပြီးကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး-ဗဟိုက ဧပြီ ၁၀ ရက်တွင် ကြေညာချက်ထုတ်သည်။

၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ နှစ်နှစ်နီးပါးကြာ ပြင်ဆင်ရေးဆွဲလာသည့် ကော်သူးလေပဋိဉာဉ်ကို ဧပြီလ(၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ကော်သူးလေဖက်ဒရယ်ယူနစ်တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Bottom-up Federalism စနစ်ဖြင့် ကော်သူးလေဖက်ဒရယ်ယူနစ် အကောင်အထည်ဖော်ရန်၊ အာဏာရှင်ကိုတော်လှန်ရင်း အခြားယူနစ်များနှင့်ချိတ်ဆက်၍ တော်လှန်ရေးကာလအလွန် အသွင်ကူး ပြောင်းရေးသို့ ပြောင်းလဲရာတွင် ကော်သူးလေပဋိဉာဉ်က အရေးပါသည်ဟုလည်း ကေအဲန်ယူက ဆိုသည်။

ပဋိဉာဉ်ကို ကေအဲန်ယူ-ဗဟိုနှင့်ခရိုင်(၇)ခုရှိ အရာရှိကိုယ်စားလှယ်၊ လူငယ်ကိုယ်စားလှယ်၊ အမျိုးသမီး ကိုယ်စားလှယ်၊ လူမျိုးစုကိုယ်စားလှယ်နှင့် ၂၀၂၀ ရွေးကောက်ပွဲမှတင်မြှောက်ခံခဲ့ရသည့် ပြည်နယ်နှင့် တိုင်းအဆင့် ဌာနေကိုယ်စားလှယ်များ စသည့်အဖွဲ့(၅)ဖွဲ့ ပါဝင်ကိုယ်စားပြုမှုဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။

အများပြည်သူသိရှိလေ့လာနိုင်ရန်အတွက်လည်း မကြာမီထုတ်ပြန်သွားမည်ဟု ကေအဲန်ယူက ကြေညာချက်တွင် ဖော်ပြသည်။ ထို့အပြင် ပဋိဉာဉ်အတည်ပြုမှုနှင့်အတူ ကော်သူလေးအတိုင်ပင်ခံကောင်စီနှင့် အုပ်ချုပ်ရေးကောင်စီတို့ကိုလည်း ကေအဲန်ယူက ဖွဲ့စည်းလိုက်သည်။

ဖက်ဒရယ်ယူနစ်တည်ဆောက်ရာတွင် လမ်းညွှန်ပေးရန်နှင့် ဒေသန္တရကိုယ်စားပြုမှုများ အားကောင်းရန် ကော်သူး လေအတိုင်ပင်ခံကောင်စီက လုပ်ဆောင်သွားမည်ဖြစ်ပြီး ကေအဲန်ယူ လက်အောက်ရှိ အုပ်ချုပ်ရေးဌာနများ စွမ်းဆောင်ရည်အားကောင်းလာစေရန် ကော်သူးလေအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်မည်ဖြစ်သည်။

အုပ်ချုပ်ရေးကောင်စီတွင်ပါဝင်ရန် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဌာနကို ကေအဲန်ယူက တိုးချဲ့ဖွဲ့စည်းလိုက်ပြီး စုစုပေါင်း ဌာန(၈)ခုဖြင့် အုပ်ချုပ်ရေးလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကော်သူလေးပဋိဉာဉ်မူကြမ်းအား ကေအဲန်ယူ-ဗဟို၏ ပဋိဉာဉ်မူကြမ်းရေးဆွဲရေးအဖွဲ့က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက ကနဦးရေးသားခဲ့ကြခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် မေလတွင် ကိုယ်စားလှယ် အစုအဖွဲ့(၅) ဖွဲ့ပါဝင်လာကာ ပဋိဉာဉ်အတည်ပြုနိုင်ရေးအတွက် အွန်လိုင်းနှင့်လူတွေ့ဆွေးနွေးမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်ဟုလည်း ကေအဲန်ယူ ထုတ်ပြန်ချက်အရ သိရသည်။

ကော်သူးလေ ဖက်ဒရယ်ယူနစ်၏ လုပ်ငန်းစဥ်များအပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း ကေအဲန်ယူပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်နှင့်နိုင်ငံရေးအဖွဲ့ စုစုပေါင်း(၆)ဖွဲ့မှ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ-SCEF ကို ပြီးခဲ့သည့် မတ်လ(၃၀)ရက်နေ့က ဖွဲ့စည်းခဲ့သေးသည်။

CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...
Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...