အိန္ဒိယ- နာဂ နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ထား

အိန္ဒိယ- နာဂ နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ထား

အိန္ဒိယ - မြန်မာနယ်စပ် ခြံစည်းရိုးကာရံရေး လုံခြုံရေးယူနေသည့် အိန္ဒိယတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီးနောက် နယ်စပ်ဂိတ်များ အားလုံး ပိတ်ထားလိုက်သဖြင့် မြန်မာဘက်ခြမ်းရှိ နာဂဒေသခံများမှာ စားသောက်ကုန်နှင့် စက်သုံးဆီ ပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်နေကြရသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ နန်းယွန်းမြို့နယ် ပန်ဆောင်လမ်းပိုင်းအနီး ခြံစည်းရိုးခတ်ရန် လုံခြုံရေးယူပေးနေသည့် အာသံရိုင်ဖယ် (Assam Rifles) တပ်ဖွဲ့ဝင်များကို နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K/YA) က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နောက်ပိုင်း နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ကာ နယ်စပ်ဖြတ်ကျော် သွားလာခွင့်များကို အိန္ဒိယဘက်က ပိတ်ပင်ထားခြင်းဖြစ်သည်။

နန်းယွန်းဒေသခံ အမျိုးသားတစ်ဦးက “အခုက ဒီနယ်စပ်တစ်လျှောက် လုံးဝအကုန်လုံး သူတို့ ပိတ်ချထား လိုက်တာ။ ပိတ်ချထားလိုက်တော့ အခုက ဒီဟိုဘက်ဒီဘက်ကို ကူးလူးတာက လုံးဝအခုလောလောဆယ် ရပ်သွားတာပေါ့နော်။ ပြီးတော့ သူတို့ ခြံစည်းရိုးခတ်တဲ့ ဟာကလည်း လောလောဆယ်မှာတော့ ခဏလေး နားထားတဲ့ သဘောမျိုးရှိတယ်” ဟု လက်ရှိအခြေအနေကို ပြောသည်။

နာဂဒေသခံများသည် အိန္ဒိယဘက်မှ တင်သွင်းသည့် ကုန်စည်များကို အဓိကအားထားနေရသူများ ဖြစ်သဖြင့် ယခုကဲ့သို့ ဂိတ်များပိတ်ထားခြင်းက ဒေသတွင်း ကုန်ဈေးနှုန်းကို အဆမတန် မြင့်တက်စေခဲ့သည်။

“နဂိုကတော့ ဒီဘက်က လိုအပ်တဲ့ ကုန်စည်တွေဆိုရင်လည်း ဟိုဘက်ကနေပြီးတော့ သွင်းတာတွေ အများကြီး ရှိတယ်။ ဆီတို့၊ ပြီးတော့ စားသောက်ကုန်တွေကအစ ပေါ့နော်၊ ဟိုဘက်ကနေ သွားဝယ်ကြတယ်။ အခုလော လောဆယ်မှာတော့ အဲ့လိုမျိုး ဝယ်လို့မရတော့ဘူးပေါ့နော်။ သွားလာလို့ မရတော့ဘူးဆိုတော့ ကုန်စည်နှုန်းတွေ ကတော့ နဂိုထက်တော့ တက်လာတာပေါ့” ဟု အဆိုပါဒေသခံက ဆက်ရှင်းပြသည်။

လက်ရှိတွင် အိန္ဒိယဘက်မှ ကုန်စည်များ ဝယ်ယူ၍ မရတော့သည့်အတွက် ဒေသခံအချို့မှာ လမ်းပန်းဆက်သွယ် ရေး ခက်ခဲလှသည့် ကချင်ပြည်ထိ သွားရောက်ကာ ကုန်စည်များကို ခက်ခဲစွာ သယ်ယူနေကြရသည်။

အိန္ဒိယအစိုးရသည် နယ်စပ်လုံခြုံရေးအကြောင်းပြကာ နှစ်ပေါင်း ၅၀ ကြာ ကျင့်သုံးခဲ့သည့် လွတ်လပ်စွာ သွားလာခွင့် (Free Movement Regime - FMR) ကို ရပ်ဆိုင်းပြီး နယ်စပ်တစ်လျှောက် မိုင်ပေါင်း ၁,၀၀၀ ကျော် (၁,၆၄၃ ကီလိုမီတာ) ကို ခြံစည်းရိုးခတ်ရန် စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါ လုပ်ရပ်သည် နယ်စပ်နှစ်ဖက်ရှိ နာဂမိသားစုများ၏ လူမှုစီးပွားနှင့် ယဉ်ကျေးမှု ဆက်နွယ်မှုများကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်ဟုဆိုကာ နာဂအဖွဲ့အစည်းများက ကန့်ကွက်နေကြသည်။

လက်ရှိတွင် နန်းယွန်းမြို့နယ်အတွင်းရှိ နယ်စပ်ကျောက်တိုင် အမှတ် ၁၇၂ နှင့် ၁၇၃ ကြားတွင် ခြံစည်းရိုးကာရံမှု တစ်မိုင်ကျော် ပြီးစီးနေပြီဖြစ်သော်လည်း ယခုတိုက်ခိုက်မှုများကြောင့် လုပ်ငန်းများ ခေတ္တရပ်နားထားခြင်း ဖြစ်သည်။

ပိတ်ထားသည့် နယ်စပ်ဂိတ်များ ပြန်ဖွင့်မည့်ရက်ကို မသိရသေးသဖြင့် ရှေ့လာမည့်ရက်များတွင် နာဂဒေသ၌ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲများ ပိုမိုကြီးထွားလာနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

April 9, 2026
အငြိမ်းစား ဗိုလ်ချုပ်ဟောင်းများ အများအပြား ပါဝင်သည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး အမည်စာရင်းကို...
April 8, 2026
မြစ်ဆုံစီမံကိန်း ပြန်စရန် စစ်ကော်မရှင် ကြိုးပမ်းမှုမှာ လူတစ်စု၏ အကျိုးစီးပွားအတွက် ဒေသခံများကို...
April 7, 2026
ရှမ်းပြည် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စက်သုံးဆီပြတ်လပ်မှုနှင့်...
March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...