ဖားအံ၊ မြိုင်ကလေးတွင် ဘိလပ်မြေစက်ရုံသစ်ဆောက်ရန်ပြင်

ဖားအံ၊ မြိုင်ကလေးတွင် ဘိလပ်မြေစက်ရုံသစ်ဆောက်ရန်ပြင်

စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ကမ်းရှိ မြိုင်ကလေးဒေသတွင် နောက်ထပ် ဘိလပ်မြေစက်ရုံအသစ်တစ်ခု ထပ်မံတည်ဆောက်ရန် ပြင်ဆင်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှသိရသည်။

မြိုင်ကလေးဒေသတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)၏ တန်(၄,၀၀၀)နှင့် တန်(၉၀၀) ဘိလပ်မြေစက်ရုံနှစ်ခု လက်ရှိအချိန်ထိ လည်ပတ်လျက်ရှိသော်လည်း အစိုးရသစ်တက်လာပြီးနောက် နောက်ထပ်စက်ရုံအသစ်တစ်ရုံ ထပ်မံတိုးချဲ့တည်ဆောက်ရန်အတွက် စီစဥ်နေသည်ဟု ခိုင်လုံသည့်သတင်းအရင်းအမြစ်က ဆိုသည်။

“စက်ရုံအသစ်တစ်ခု ထပ်ဆောက်တာသေချာပါတယ်။ ဒီအစိုးရသစ်သက်တမ်းတစ်လျှောက်မှာ လုပ်မှာ။ တွဲလုပ်မယ့်ကုမ္ပဏီတွေတော့သိထားတယ် တိကျတဲ့အဖြေမရသေးလို့“ ဟု အဆိုပါအမည်မဖော်လိုသူက ပြောသည်။

ဒေသခံအရင်းအမြစ်ပြောပြချက်အရ စက်ရုံသစ်တိုးချဲ့ဆောက်လုပ်ရန် လက်ရှိဘိလပ်မြေစက်ရုံအနောက်ဘက်ရှိ အင်းအချို့ကို မြေဖို့ရန်ပြင်ဆင်ဆောင်ရွက်နေခြင်းလည်း ရှိသည်။

ထို့အပြင် မြိုင်ကလေးဒေသတွင် နေ့ညမပြတ်လည်ပတ်နေသော ဘိလပ်မြေစက်ရုံနှစ်ရုံအနက် တန်(၉၀၀)ထုတ် စက်ရုံမှာ ယခင်သတ်မှတ်နှုန်းထက် ဘိလပ်မြေပိုမိုထုတ်နေကြောင်းလည်း သိရသည်။

စစ်အုပ်စုက စက်ရုံအသစ် တိုးချဲ့တည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်၍ ဒေသခံများထံမှသဘောထား ကောက်ခံခြင်းမရှိသလို စီမံကိန်းအကြောင်းအရာများကိုလည်း ပွင့်လင်းမြင်သာစွာချပြခြင်း မရှိဟု ဒေသခံများက ဆိုသည်။

လုံခြုံရေးကြောင့်အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ”ကျနော်တို့ဘာမှမသိရဘူး။ သူတို့လုပ်ချင်တာလုပ်နေတာ ဘယ်သူမှလည်းပြောမရဲဘူး။ ခေတ်အဆက်ဆက်က သူတို့ဖျက်ဆီးတာ တောင်တွေလည်းကုန်ပါပြီ။ ကျောက်မီးသွေးအနံ့မခံနိုင်လည်း ဘယ်သူပြောရဲလဲ တစ်ယောက်မှမပြောရဲတာ” ဟု ကေအိုင်စီကို ပြောသည်။

ထုံးကျောက်တောင်များသည့်ဒေသတစ်ခုဖြစ်သော ဖားအံမြို့နယ်အတွင်း ဘိလပ်မြေထုတ်လုပ်ရာတွင် တောင်များကို ကျောက်မိုင်းနှင့်ဖောက်ခွဲကာ ထုံးကျောက်ထုတ်ယူသုံးစွဲကြသည်။

ထို့အတူ မြိုင်ကလေးဘိလပ်မြေစက်ရုံ စတင်တည်ဆောက်သည့်အချိန်က နေရာမလွတ်ကင်းသဖြင့် ကျေးရွာအချို့ ရွာလုံးကျွတ် ပြောင်းရွေ့ခဲ့ရသလို မြေယာအများအပြား စက်ရုံပိုင်မြေအဖြစ် သိမ်းဆည်းခံရခြင်းလည်း ရှိခဲ့သည်။

မြိုင်ကလေး တန်(၉၀၀) ဘိလပ်မြေစက်ရုံကို ၁၉၈၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၉ ခုနှစ်မှ တန်(၄,၀၀၀) ဘိလပ်မြေစက်ရုံကို ထပ်မံဆောက်လုပ်ခဲ့သည်။ ထိုစဥ်က စက်ရုံလည်ပတ်ရန် သဘာဝဓာတ်ငွေ့ ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ ကျောက်မီးသွေးလောင်စာဖြင့် ပြောင်းလဲသုံးစွဲလည်ပတ်လျက်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း စက်ရုံလည်ပတ်ရန် ကျောက်မီးသွေးအလွန်အကျွံအသုံးပြုခြင်းကြောင့် အနံ့ဆိုးများထွက်ရှိလာပြီး လေထုညစ်ညမ်းမှုဖြစ်လာ၍ ဒေသခံများကဝေဖန်ပြောဆိုထားသည်။

Photo - KIC

April 8, 2026
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ နယ်ခြားစောင့်တပ် (BGF) မှ အသွင်ပြောင်းထားသော ကရင်အမျိုး...
Photo: CJ
April 7, 2026
ကရင်ပြည်နယ်ကိုဖြတ်သန်း၍ မြဝတီနယ်စပ်အထိ ဖောက်လုပ်ထားသော အာရှလမ်းမကြီး တောင်ပေါ်လမ်းပိုင်းနေရာ(၄)...
April 4, 2026
ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး...
Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...