ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ နယ်ခြားစောင့်တပ် (BGF) မှ အသွင်ပြောင်းထားသော ကရင်အမျိုး သားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၏ ဇာတိမြေ ကြာအင်းကျေးရွာအနီးတွင် ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) များ လုပ်ကိုင်ရန်ဟု ယူဆရသည့် အဆောက်အအုံ အများအပြား တည်ဆောက်နေကြကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
အဆိုပါအဆောက်အအုံစီမံကိန်းများသည် ကြာအင်းကျေးရွာအပေါ်ဘက်ခြမ်း မော်ခိုးကလာရွာနှင့် ကပ်လျက်တည်ရှိသော နေရာများတွင် ဆောက်လုပ်နေခြင်းဖြစ်ပြီး အထပ်မြင့်အဆောက်အအုံများစွာ တိုးချဲ့ဆောက်လုပ်နေသည်ကို တွေ့ရှိရကြောင်းလည်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီ သို့ ယခုလို ပြောသည်။
၎င်းက "၂၀၂၅ ထဲမှာ စဆောက်တာ အခုဆို အတော်များလာပြီ။ ဧကအကျယ်အဝန်းတော့ အတိအကျတော့ မပြောတတ်ဘူး။ ဟိုတယ်တော့ မဟုတ်လောက်ဘူး။ သေချာ ကျကျနန ဆောက်ထားတာ။ အများစု ပြောနေကြတာကတော့ ဒါ ကျားဖြန့်လုပ်မယ့်နေရာပဲ။ ရုံတွေက အများကြီးပဲလေ။ ဆောက်နေ တာကလည်း တရုတ်တွေပဲ။"ဟု ပြောသည်။
အဆောက်အအုံသစ်များ တည်ဆောက်နေသည့် မြေနေရာများမှာ ရွာသားများထံမှ တစ်ကွက်လျှင် ကျပ်ငွေ ၁၀ သိန်းမှ သိန်း ၂၀ ခန့်ဖြင့်သာ ဝယ်ယူထားခြင်းဖြစ်ကြောင်းလည်း အဆိုပါရွာသားက ဖြည့်စွက် ပြောဆိုသည်။
ဒေသခံများ ရိုက်ကူးထားသော ရုပ်သံမှတ်တမ်းများအရ ဆောက်လုပ်နေသည့် အဆောက် အအုံပုံစံများတွင် လူနေအိမ် အထပ်မြင့်အဆောက်အအုံများ ပါဝင်သလို သွားလာရေးအတွက် ကတ္တရာလမ်းများ စနစ်တကျ ဖောက်လုပ်ပေးထားသည်ကိုလည်း တွေ့မြင်ရသည်။
ထို့အပြင် လက်ရှိ တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ဆောင်နေသူများတွင်လည်း မြန်မာစကား ပြောတတ်သည့် တရုတ်နိုင်ငံသားများကို တွေ့မြင်ရကြောင်း၊ ၎င်းတို့သည် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ထွက်၍ စားသောက်ကုန်များ ဝယ်ယူမှုရှိနေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ စီမံကိန်းနေရာ အနီးတစ်ဝိုက်နေရာများကိုလည်း ကရင်အမျိုးသားတပ်မတော် (KNA) တပ်ဖွဲ့ဝင် များက လုံခြုံရေး အပြည့်အ၀ ယူပေးထားပြီး အပြင်လူများကို ဝင်ခွင့်မရှိကြောင်း သိရသည်။
မြ၀တီမြို့နယ်ရှိ ရွှေကုက္ကိုလ်ဒေသတွင် ကျားဖြန့်လုပ်ငန်း နှိမ်နင်းရေးလုပ်ငန်းစဉ်ဖြစ်ပြီးနောက်ပိုင်း လှိုင်းဘွဲမြို့နယ်ရှိ ကြာအင်းရွာထဲသို့ တရုတ်လူမျိုး အများအပြား ရွှေ့ပြောင်းလာကြသည်ဟုလည်း အမည်မဖော်လိုသူ ကြာအင်းဒေသခံ အမျိုးသမီးတစ်ဦးက အတည်ပြု ပြောဆိုသည်။
“ရွှေကုက္ကိုလ်ဘက် ပြဿနာတွေ ဖြစ်ပြီးကတည်းက ဒီဘက်ပြောင်းလာကြတာ။ ဗိုလ်ချစ်သူတို့ သီးသန့် နေရာနဲ့ထားတော့ မတွေ့ရဘူး။ ရွာက သက်ကြီးပိုင်း ဦးလေးတွေဆို တစ်လကို လစာ သုံးသိန်းနဲ့ ဆန်တစ် အိတ်ပေးတော့ ရုံစောင့်ဖို့ဆိုပြီး လုံခြုံရေးတွေ သွားလုပ်ပေးကြတာ။”ဟု ၎င်းရွာသူက ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ရွှေကုက္ကိုလ်၊ KK Park၊ မင်းလက်ပံ စသည့်ဒေသများတွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်) နှိမ်နင်းရေးလုပ်ငန်းများ ပေါ်ပေါက်လာပြီးနောက် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူအများအပြားကို လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ နေရာဒေသအသီး သီးသို့ ပြောင်းရွှေ့ကာ ဆက်လက်အကောင်အထည်ဖော်နေကြကြောင်း ခိုင်လုံသည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။
လက်ရှိအချိန်တွင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်နှင့် မြန်မာပြည်တွင်းက ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို အမေရိကန်အခြေစိုက် FBI (Federal Bureau of Investigation)က ဦးဆောင်၍ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် ပူးပေါင်းနှိမ်နင်းသွားမည်ဟု ထုတ်ပြန်ထားသော်လည်း လက်တွေ့ကျသည့် လုပ်ငန်းစဉ် များကို မတွေ့ရှိရသေးကြောင်း လေ့လာစောင့်ကြည့်သူများက ပြောဆိုနေကြသည်။
Photo: CJ







