ကရင်ပြည်နယ်ကိုဖြတ်သန်း၍ မြဝတီနယ်စပ်အထိ ဖောက်လုပ်ထားသော အာရှလမ်းမကြီး တောင်ပေါ်လမ်းပိုင်းနေရာ(၄)ခုတွင် စစ်အုပ်စုနှင့်ကရင်နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်တို့ ဂိတ်တဲနှင့်စစ်ဆေးရေးဂိတ်ကြီးများတည်ဆောက်ပြီး အင်အားအများအပြား လုံခြုံရေးချထားကြောင်း ခရီးသွားလာသူများက ပြောသည်။
မြဝတီမှကျုံဒိုးအထိ စစ်အုပ်စုနှင့်BGF ပူးပေါင်း အင်အား(၁,၀၀၀)ဝန်းကျင်ရှိမည့် တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဧပြီ(၂)ရက်နေ့ အာရှလမ်းပြန်ဖွင့်သည့်အချိန်မှစတင်ကာ လမ်းတစ်လျှောက် လုံခြုံရေးယူလျက်ရှိပြီး ဂိတ်နေရာများဆောက်လုပ်နေသည်ဟု မြဝတီမှဖားအံသို့ပြေးဆွဲနေသည့် ယာဥ်မောင်းတစ်ဦးက ပြောသည်။
"မြဝတီကအောက်ကိုဆင်းရင် ညီနောင်တပ်မ၊ ကွမ်းခြံကွေ့၊ ရင်ကွဲတောင်၊ တောနော်ရေတံခွန်ကွေ့၊ ကော့နွဲ ရွာလမ်းကွေ့ အထိ စစ်သားတွေရော BGF တွေရော သုံးယောက်တစ်တွဲ လမ်းဘေးတွေမှာလုံခြုံ ရေးချထားတယ်။ ဂိတ်သစ်ဘန်ကာ(၄)နေရာလောက် ဆောက်နေတယ်။ အဲဒီဂိတ်တွေမှာ လူစာရင်း၊ ကားစာရင်းပေးရတယ်" ဟု အဆိုပါယာဥ်မောင်းက ပြောသည်။
ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတစ်လျှောက် လှိုင်ဝ၊ ကိုးတိုင်လမ်းဆုံ၊ တံတားကျိုး၊ ငါးတိုင်၊ နွားခြံကုန်း၊ တံတားဦး၊ ဂျိုင်းတံတားဂိတ်နေရာများတွင်လည်း စစ်အုပ်စုက ဘန်ကာများဖြင့်ကတုတ်ကျင်းအကြီးစားများ တည်ဆောက်နေခြင်းရှိကြောင်းလည်း ဒေသတွင်းခရီးသွားယာဥ်မောင်းများပြောပြချက်အရ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီ(၃)ရက်နှင့် (၄)ရက်နေ့တို့တွင် ဖားအံစစ်အုပ်စု တပ်မ(၂၂)မှစေလွှတ်လာသော တပ်မ(၅၅)၊ တပ်မ(၄၄)နှင့် ကမ်းရိုးတန်းတိုင်းတပ်ရင်းများ စုစုပေါင်း စစ်သားသစ်အင်အား(၄၀၀)ခန့်မှာ ယာဉ်တန်းဖြင့်နှစ်ကြိမ် ကျုံဒိုး-ကော့ကရိတ် အာရှလမ်းဘက်သို့ဖြန့်ခွဲ၍ လုံခြုံရေးချထားသည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။
စစ်အုပ်စု၏ အရှေ့တောင်တိုင်းဌာနချုပ်က အဆိုပါစစ်ကြောင်းများကို အာရှလမ်းမကြီး ရေရှည်ထိန်းချုပ်နိုင်ရေး အသုံးပြုရန်စေလွှတ် ညွှန်ကြားထားကြောင်း ကျုံဒိုးစစ်အုပ်စုနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုလျက်ရှိသည်။
စစ်အုပ်စုသည် ကုန်သွယ်ခရီးသွားအဆင်ပြေစေရန် အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာမှတဆင့်ဖော်ပြပြောဆိုနေသည်။ သို့ရာတွင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက်တရားဝင် ချစ်ကြည်ရေးတံတားအမှတ်(၂)ကိုမူ လတ်တလောအထိ ဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။
ထို့အတူ ထုတ်ကုန်သွင်းကုန်များ ကူးသန်းရောင်းဝယ်ရေး မလုပ်နိုင်သေးသဖြင့် မြဝတီဘက်မှထိုင်းကုန်စည်ကားကြီးများ ပြည်တွင်းသို့အသွားအလာမရှိသော်လည်း ထိုင်းဘက်တင်ပို့မည့်ကုန်ကားများ ပြည်တွင်းမှ နယ်စပ်မြဝတီမြို့ဘက်သို့ သွားလာနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။







