ထီးချိုင့်မြို့နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို စစ်တပ်ပြန်ထိန်းချုပ်

ထီးချိုင့်မြို့နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို စစ်တပ်ပြန်ထိန်းချုပ်

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းနယ်စပ်ဖြစ်တဲ့ ထီးချိုင့်မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးက ကျေးရွာတချို့ကို စစ်တပ်က မတ်လကုန်ပိုင်းမှာပဲ အပြီးထိန်းချုပ်ထားပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

"စစ်တပ်က တံတားကို ထိန်းပြီး မြိုခံတပ်နဲ့ချိတ်ဆက်မိသွားပြီ။ စစ်ကြောင်းက ကြက်သွန်ခင်းကိုရောထိန်းထားပြီ၊ စစ်ကြောင်းမထိုးခင်ဒရော့ဗုံးတွေနဲ့ အရင်ရှင်းတာ၊ အနောက်ကုန်းက ပုန်းနိုင်မယ်ထင်တဲ့ တိုက်တွေကို အကုန်ချတာ ၊ ငါတို့မြို့ရှောင်လမ်းဘက်တွေကိုအဓိကချတာ” လို့ ထီးချိုင့်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ လက်ရှိမှာ ထီးချိုင့်မြို့ပေါ်အပြင် အနီးနားက ကြက်သွန်ခင်းကျေးရွာ ၊ မြို့ရှောင်လမ်း စတာတွေနဲ့ မြစ်တစ်ဖက်ကမ်းက မြတောင်၊ ကတ္တုရွာ စတဲ့ကျေးရွာတွေကိုလည်း ဒီလကုန်မှာပဲထိန်းချုပ်လိုက်တာလို့ ဒေသခံတွေက ဆိုပါတယ်။

မ တ်လ ၂၅ ရက်နေ့မှာ ထီးချိုင့်မြို့နယ် မြတောင်ကျေးရွာအထိ စစ်ကြောင်းတွေ စိုးမိုးလိုက်တာဖြစ်ပြီး ဧရာဝတီမြစ်ကူးတံတား(ထီးချိုင့်) ကိုလည်း ပြန်လည်နေရာယူထားလိုက်ပြီဖြစ်တယ်လို့ ဓာတ်ပုံတွေနဲ့ကြေညာခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ စစ်ကြောင်းဟာ မြို့ရှောင်လမ်းဘက်ကနေ မြို့အတွင်းက တပ်တွေအထိ သွားရောက်ပူးပေါင်းပြီး မြို့အနှံ့နေရာယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမှာ ထီးချိုင့်-မန္တလေး လမ်းပိုင်းအားလုံးကို စစ်ကော်မရှင်တပ်တွေဟာ အပြည့်အဝ ထိန်းချုပ်ထားလိုက်ပြီလည်းဖြစ်ပါတယ်။

ထီးချိုင့်မြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ မြတောင်၊ကတ္တု၊လမ်းဆုံ စတဲ့နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်ကတည်းက ထိန်းချုပ်စိုးမိုးထားတာလည်းဖြစ်ပြီး နှစ်နှစ်နီးပါးအကြာထိ ထိန်းချုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ထီးချိုင့် မြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ကတည်းက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီး ကျေးလက်ဒေသအားလုံးကို ၂၀၂၄ ခုနှစ်မှာ သိမ်းပိုက်နိုင်ခဲ့ပေမယ့် မြို့ပေါ်ကိုတော့ အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပါဘူး။

ထီးချိုင့်မြို့ပေါ်က ဒေသခံတွေအားလုံးဟာ အနီးပတ်ဝန်းကျင်ကျေးရွာတွေနဲ့ မန္တလေး ၊စစ်ကိုင်း ၊ အင်းတော် ၊ ကသာ ၊မိုးညှင်းမြို့တွေမှာ လက်ရှိအချိန်ထိ စစ်ဘေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။

April 1, 2026
နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်စေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ဆောင်ရွက်ရမယ့်...
March 31, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ် ခိုပဲဝဆိပ်ကမ်းမှာ...
March 28, 2026
နေ့စဉ်ဆီတန်းစီစရာမလိုတော့ဘဲ စက်စွမ်းအားအလိုက်ဝယ်ယူခွင့်ပမာဏအတွက် အကြိမ်ရေနဲ့...
March 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း စက်သုံးဆီသုံးယာဉ်များဖြစ်တဲ့...