ခေတ်မီတပ်မတော်အဖြစ် ဆက်လက် တည်ဆောက်မည်ဟု တပ်ချုပ်သစ်ပြော

ခေတ်မီတပ်မတော်အဖြစ် ဆက်လက် တည်ဆောက်မည်ဟု တပ်ချုပ်သစ်ပြော

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၃၀ ရက်တွင် ရာထူးမှ တရားဝင်အနားယူပြီး ၎င်း၏နေရာတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို အစားထိုး ခန့်အပ်လိုက်ကြောင်း စစ်တပ်ပိုင်မီဒီယာများက ထုတ်ပြန်လိုက်သည်။

နေပြည်တော်ရှိ ဇေယျသီရိဗိမာန်တွင် မတ်လ ၃၀ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည် ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ရာထူးကို ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီး ရဲဝင်ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထုတ်ပြန်ချက်အရ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် (ယခင် ညှိနှိုင်းကွပ်ကဲရေးမှူး – ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ခန့်အပ်လိုက်သည်။ ထို့ပြင် လစ်လပ်သွားသော ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးအတွက် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးကို တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။

ယခုရာထူးအပြောင်းအလဲသည် ၂၀၂၅ ခုနှစ် အတုအယောင် ရွေးကောက်ပွဲအပြီး ရွေးကောက်ခံ အစိုးရသစ်ထံသို့ နိုင်ငံတော်အာဏာ လွှဲပြောင်းပေးရန် ပြင်ဆင်နေသည့် ကာလအတွင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ယခုအခါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်သဖြင့် မကြာခင်အချိန်တွင် လွှတ်တော်မှ ရွှေးချယ်တင်မြှောက်သည့် နိုင်ငံတော် သမ္မတဦးဆောင်သည့် အစိုးရသစ်ကို နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးနိုင်တော့မည်” ဟု ၎င်း၏ နှုတ်ဆက်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်ချုပ်ရာထူးကို ၂၀၁၁ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ တာဝန်လွှဲပြောင်းယူခဲ့ကာ စစ်မှုထမ်း သက်တမ်း ၅၂ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး ယနေ့တွင် အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သစ် ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရဖ) အဖြစ်မှ မတ်လအစပိုင်းတွင်မှ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသူ ဖြစ်သည်။

၎င်း၏ မိန့်ခွန်းတွင် တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် ဆက်လက် တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ပြည်သူသာအမိ၊ ပြည်သူသာအဖ မူဝါဒကို ကျင့်သုံးပြီး အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောက်ရွက်သွားမည်ဟုလည်း ဆိုသည်။

April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...
April 10, 2026
စိုင်းခွမ်မိန်း —သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်...
April 9, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင်...
April 8, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့်...