ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ရှိနေသည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး၊ ဘိန်းစိုက်ပျိုးခြင်းမပြုရန်နှင့် လိုက်နာမှုမရှိပါက ထောင်ဒဏ်၊ ငွေဒဏ်များဖြင့် ထိရောက်စွာ အရေးယူသွားမည်ဟု CNO/CNDF က ယနေ့ မတ်လ ၂၆ ရက်နေ့တွင် အသိပေးချက် ထုတ်ပြန်သည်။
ဖလမ်းမြို့နယ် အရှေ့ဘက်ခြမ်းနှင့် နယ်စပ်အနီးတစ်ဝိုက်တွင် ဘိန်းများကို အဓိကစိုက်ပျိုးလာနေကြောင်း သိရသည်။
ယခင်က မြို့သိမ်းတိုက်ပွဲများနှင့် စစ်ရေးအရှိန်မြှင့်တင်နေရသည့်အတွက် ဘိန်းစိုက်ပျိုးခြင်းကို ထိရောက်စွာ ကိုင်တွယ် နိုင်ခြင်းမရှိခဲ့သော်လည်း ယခုအခါ ပြည်သူလူထု၏ တိုင်ကြားချက်များအရ ထိရောက်စွာ အရေးယူဆောင်ရွက်တော့မည် ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ Salai Timmy က ပြောသည်။
“အထူးသဖြင့် ၂၀၂၄ နောက်ပိုင်းပေါ့။ ပြည်သူကတော့ စားဝတ်နေရေး အခက်ခဲ၊ နိုင်ငံရေးအခက်အခဲကြောင့် စိုက်ကြ တယ်ပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ထုတ်ပြန်တဲ့နေ့ကစပြီး မစိုက်ကြတော့ဖို့ပေါ့နော်။ တွေ့ရှိရင်လဲ ဖျက်ဆီးပြီး အရေးယူဖို့ရှိပါမယ်။ ကျွန်တော်တို့မှာ စိုက်တဲ့သူ၊ စိုက်တဲ့ နေရာရော ဒေတာ အကုန်ရှိတယ်။ ဒီနှစ်ထဲမှာဆိုရင် ပိုပြီးတော့ စိုက်ကြတာပေါ့လေ။ ကျွန်တော်တို့ဘက်ကလဲ စစ်ကြောင်းတွေရှိတော့ စစ်ရေးနဲ့ အလုပ်များတဲ့အတွက် ဒီဘက်ပိုင်း ကိုင်တွယ်ဖို့ အားနည်းတဲ့ဟာတွေရှိတယ်။ ဒါပေမဲ့အခု ပြည်သူဘက်က လည်း ကျွန်တော်တို့ရွာမှာ ဘယ်လိုဘယ်လို စိုက်ကြတယ်ဆိုတာတွေ တိုင်ကြားတာရှိလာတဲ့အတွက် အခုအသိပေးထားတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ယခင်ကလည်း ဖလမ်းမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများကို အကြိမ်ကြိမ်တားမြစ် သတိပေးခဲ့ပြီးဖြစ်သည်ဟုလည်း ဆိုသည်။
ထို့အပြင် တော်လှန်ရေး အင်အားစုများ ပါဝင်ပတ်သက်ပါကလည်း အထူးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကာ မည်သည့် အဖွဲ့အစည်းများ၏ ဝင်ရောက်စွက်ဖက်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုင်းပြည်မငြိမ်မသက်မှုနှင့် စားဝတ်နေရေး ခက်ခဲမှုများကြောင့် အသက်မွေးဝမ်းကျောင်း ရှာဖွေရသည်မှာ မှန်သော်လည်း၊ နောင်လာနောက်သားများအထိ ပျက်စီးစေမည့် ဘိန်းစိုက်ပျိုးခြင်းကို ဖလမ်းမြို့နယ်အတွင်း ခွင့်ပြုမည်မဟုတ်ကြောင်း၊ CNO/CNDF အနေဖြင့် အစားထိုးဝင်ငွေရရှိရေး နည်းလမ်းများ ရှာဖွေပေးနိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။
“ဒီတော်လှန်ရေးကြားထဲမှာ ပြည်သူတွေရဲ့ အခက်အခဲတွေကို ကျွန်တော်တို့ နားလည်ပါတယ်။ ကျွန်တော်တို့ ဘက်ကနေလဲ အတတ် နိုင်ဆုံး ဘိန်းမဟုတ်ဘဲ အခြား သော လုပ်ငန်းတွေ အစားထိုးစိုက်ပျိုးနိုင်အောင် ကူညီဖို့ကြိုးစားနေတဲ့ အခြေ အနေမှာရှိပါတယ်။ ဒါပေမဲ့အခုလို ဖြတ်လမ်းနည်းနဲ့ ပိုက်ဆံရှာတာမျိုး တခြားဒေသတော့ မကိုင်တွယ်နိုင်ပေမဲ့ ကျွန်တော်တို့ ဖလမ်းမြို့နယ်မှာတော့ ကိုင်တွယ်သွားမှာ ဖြစ်တယ်။ ဒီထုတ်ပြန်ချက်ထုတ်တဲ့နေကစပြီး အရေးယူဆောင်ရွက်သွာတော့မှာ ဖြစ်ပါတယ်” ဟု Salai Timmy က ဆိုသည်။
ထို့ကြောင့် နောက်နောင်တွင် ဘိန်းစိုက်ပျိုးခြင်း လုံးဝမပြုကြရန်နှင့် စိုက်ပျိုးပြီးသူများအနေဖြင့်လည်း ယခုကြေညာချက် ထုတ်သည့်နေ့မှစ၍ မိမိတို့၏ စိုက်ခင်းများကို ကိုယ်တိုင် ဖျက်ဆီးကြရန် အသိပေးထားသည်။
CNO/CNDF အနေဖြင့် နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ ကိုယ်ကျိုးစီးပွားအတွက်သာ ကြည့်ရှုပြီး ဘိန်းစိုက် ပျိုးသူများနှင့် ၎င်းတို့၏နောက်ကွယ်မှ ကြိုးကိုင်နေသူများကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်းလည်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။







