မတူပီမှာ စစ်မှုထမ်းမူဝါဒ စတင်အကောင်အထည်ဖော်

မတူပီမှာ စစ်မှုထမ်းမူဝါဒ စတင်အကောင်အထည်ဖော်

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် စစ်မှုထမ်းမူဝါဒကို လက်ရှိ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တပ်သားသစ် စုဆောင်းမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီက ကြေညာသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရက သတ်မှတ်ပြဋ္ဌာန်းလိုက်သော စစ်မှုထမ်းမူဝါဒအရ ချင်းပြည်ကောင်စီ လက်အောက်ရှိ ကာကွယ်ရေးအဖွဲ့များသည် စစ်အင်အားတည်ဆောက်မှု လုပ်ငန်းစဉ်များကို ယခုစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု CDF - မတူပီက မတ်လ ၂၄ ရက်မှာ ထုတ်ပြန်သည်။

အထက်က ညွှန်ကြားလာသော ညွှန်ကြားချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိတို့ ထိန်းချုပ်နယ်မြေအတွင်းမှ ထွက်ခွာမည်ဆိုပါက ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (ဌာနချုပ်)၏ ထောက်ခံစာဖြင့်သာ ထွက်ခွာနိုင်မည်ဟု သိရသည်။

စစ်မှုထမ်းမူဝါဒနှင့် ကိုက်ညီသော ဒေသခံပြည်သူများအနေဖြင့် အမျိုးသား တာဝန်ထမ်းဆောင်နိုင်ရန်အတွက် CDF - မတူပီထံသို့ လာရောက် ပူးပေါင်းပါဝင်နိုင်ကြရန် အသိပေးထုတ်ပြန်ထားသည်။

CDF - မတူပီ၏ စစ်မှုထမ်းမူဝါဒနှင့်ပတ်သက်၍ သိရှိနိုင်ရန် ၎င်းတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းနေသော်လည်း မရရှိသေးပါ။

လက်ရှိကာလသည် အာဏာသိမ်းစစ်ကော်မရှင်က ချင်းပြည်နယ်အတွင်း လက်လွတ်ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် ရယူနိုင်ရန်အတွက် အပြင်းအထန် ထိုးစစ်ဆင်နေသော ကာလဖြစ်သည်အတွက် စစ်မှုထမ်းမူဝါဒကို စတင်ခြင်းဖြစ်သည်ဟု တရားဝင် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ ၁၄ ရက်က ပြုလုပ်သော Defense Coordination Team (DCT) ၏ ပထမ အကြိမ် အစည်းအဝေး (၁/ ၂၀၂၆) ဆုံးဖြတ်ချက် (၁) အရ စစ်မှုထမ်းမူဝါဒကို အတည်ပြု ပြဌာန်းလိုက် ခြင်းဖြစ်ပြီး ချင်းလဲန်းကောင်စီအဖွဲ့ဝင်တိုင်း အကျုံးဝင်ဖော်ဆောင်ရမည်ဟု ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Salai Nai John Kim က ဖေဖော်ဝါရီလကုန်ပိုင်းက ခိုနူမ်းသုန်ကိုဖြေကြားထားသည်။

ချင်းပြည်/ချင်းလဲန်းအစိုးရ ကာကွယ်ရေးဌာနအောက်ရှိ CDF - တွန်းဇံ၊ CDF - ထန်တလန်၊ CDF - ဟားခါး၊ CDF-Hualngoram တို့သည်လည်း စစ်မှုထမ်းမူဝါဒကို စတင်အကောင်ထည်ဖော်နေကြောင်း သိရသည်။

ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသတချို့တွင် စစ်မှုထမ်းအကျုံးဝင်သော လူငယ်လူရွယ်များသည် ထွက်ပြေး တိမ်းရှောင်မှုများလည်းရှိနေသည်ဟု သိရသည်။

March 24, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ရွေးကောက်ပွဲများအလွန် ချင်းပြည်နယ်လွှတ်တော်တွင် ဟားခါးမှာ စစ်ရာဇဝတ်မှု...
March 23, 2026
မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင် (Siaha District) မှ မြန်မာနိုင်ငံဘက်သို့ စက်သုံးဆီ...
March 21, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မတ်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်နယ်လွှတ်တော်အစည်းအဝေး၌...
March 20, 2026
ချင်းအမျိုးသားလုံခြုံရေးနှင့် ချင်းလဲန်တည်ဆောက်ရေးအတွက် အင်အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့...