နိုင်/ကျဥ်းများလွတ်မြောက်ရေးလှုပ်ရှားမှုတွင် ပါဝင်ကြရန် PPNM တိုက်တွန်း

နိုင်/ကျဥ်းများလွတ်မြောက်ရေးလှုပ်ရှားမှုတွင် ပါဝင်ကြရန် PPNM တိုက်တွန်း

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် စစ်အုပ်စု မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ရည်ရွယ်ပြုလုပ်မည့် အပြာရောင်ရှပ်အင်္ကျီနေ့ (Blue Shirt Day Campaign) တွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM က တိုက်တွန်းသည်။

ဝါရင့်သတင်းစာဆရာကြီး၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့်မြောက်မည့် ဧပြီလ(၂၁)ရက်နေ့တွင် အဆိုပါကမ်ပိန်းကို ပြုလုပ်မည်ဖြစ်ပြီး PPNM အနေဖြင့်လည်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ချက်ဖြင့် ဖော်ပြထားသည်။

အာဏာသိမ်းစစ်အုပ်စု၏ မတရား ဖမ်းဆီးအကျဉ်းချမှုများကို ပြည်တွင်းပြည်ပမှ ပိုမိုသိရှိလာစေရန် ရည်ရွယ်သည့် ကမ်ပိန်းတွင် လူထုပူးပေါင်းပါဝင်ရန် ဆက်လက်တိုက်တွန်းသွားမည်ဟု PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“လူထုပါဝင်လို့ရမယ့် နည်းလမ်းတွေကို ဧပြီလအတွင်းမှာ အားကောင်းကောင်းနဲ့ ထုတ်ပြန်တာ ဆောင်ရွက်တာမျိုးပေါ့၊ ကျ‌နော်တို့ စနစ်တကျနဲ့ ရှင်လင်းပြသသွားတာမျိုး တိုက်တွန်းနှိုးဆော်တာမျိုးတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ကမ်ပိန်းပြုလုပ်ရသည့်နောက်ထပ်ရည်ရွယ်ချက်မှာ စစ်အုပ်စု၏ဖမ်းဆီးခံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့အပြင် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုများကို အမြန်ဆုံးရပ်တန့်နိုင်ရန် နိုင်ငံတကာအစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများထံမှ ဖိအားပေးမှုများ အားကောင်းလာစေရေး၊ နိုင်ငံရေးအကျဥ်းသားများ ထောင်အတွင်း တွေ့ကြုံနေရသည်များကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းသို့ အသိပေးနိုင်ရေးကို ဦးတည်သည်ဟုလည်း PPNM က ဆိုသည်။

၁၉၈၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ (၁၉) နှစ်ကျော်ကြာ မတရားဖမ်းဆီး အကျဉ်းချခံခဲ့ရသူ ဟံသာဝတီ ဦးဝင်းတင်မှာ ထောင်မှလွတ်မြောက်လာပြီးနောက် အကျဉ်းထောင်အတွင်း ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ မလွတ်မချင်း ထောင်ဝတ်စုံ အပြာရောင်အင်္ကျီကို မချွတ်တမ်း ကြွေးကြော် ဝတ်ဆင်ခဲ့သူဖြစ်သည်။

၎င်းကိုဂုဏ်ပြုသောအားဖြင့် သူကွယ်လွန်သွားသည့် ဧပြီလ(၂၁)ရက်နေ့တိုင်းတွင် အပြာရောင်ရှပ်အင်္ကျီဝတ်ဆင်ရသော Blue Shirt Day Campaign ကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

Most read this week

July 24, 2026
ကော်သူးလေဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပဋိပက္ခအခြေအနေ...
July 24, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကျောက်ခက်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)...
July 23, 2026
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့တရားမဝင်သွင်းမည့် စွမ်းရည်မြင့် (FPV)...
July 22, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် မင်းလက်ပံဒေသများတွင် တိုက်ပွဲများအတွင်း အထိနာနေသည့်...