လေယာဉ်ဆီ အကန့်အသတ်ဖြစ်နေပေမယ့် လေကြောင်းတိုက်ခိုက်မှုဆက်ရှိနေ

လေယာဉ်ဆီ အကန့်အသတ်ဖြစ်နေပေမယ့် လေကြောင်းတိုက်ခိုက်မှုဆက်ရှိနေ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

အရှေ့အလယ်ပိုင်းဒေသက အီရန်နဲ့ အမေရိကန်-အစ္စရေး စစ်ပွဲကြောင့် တခြားနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာ စက်သုံးဆီနဲ့ လေယာဉ်ဆီ အကန့်အသတ် ဖြစ်နေပေမယ့် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ဆက်ရှိနေပါတယ်။

မတ် ၂၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ကသာမြို့က စစ်ရှောင်တွေ ခိုလှုံနေတဲ့ မဟာလေးထပ် ဘုန်းကြီးကျောင်းကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်တွေ ပျံလွန်တော်မူခဲ့ရသလို စစ်ရှောင်တွေ ဆယ်ချီ ထိခိုက်သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘက်စံပြကျေးရွာကို နေ့လယ်ဝန်းကျင်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်လမပြည့်သေးတဲ့ ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦး သေဆုံးပြီး အရပ်သား ၁၀ ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ စုံ/မ စနစ် ကန့်သတ်ချက်ကြောင့် မတ်လဆန်းကစပြီး စက်သုံးဆီ ဝယ်ယူရေးနဲ့ မော်တော်ယာဉ် မောင်းနှင်ရေးတို့မှာ ပြည်သူတွေ နေ့စဉ်နဲ့အမျှ အကျပ်အတည်း တွေ့နေကြရသလို လူမှုစီးပွားအပေါ်မှာလည်း ရိုက်ခတ်လာနေတာပါ။

တစ်ဘက်မှာ မြန်မာလေကြောင်းလိုင်း MNA နဲ့ MAI တို့ဟာ လတ်တလော ကြုံတွေ့နေရတဲ့ လေယာဉ်ဆီ အကန့်အသတ်ကြောင့် ခရီးသည်တွေရဲ့ ထပ်တိုးပစ္စည်းသယ်ဆောင်ခွင့် အလေးချိန်ပမာဏကို လျှော့ချလိုက်တယ်လို့ မတ် ၁၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

လေယာဉ်ဆီ အခက်အခဲကြောင့် ပြည်တွင်း/ပြည်ပ လေကြောင်းခရီးစဉ် တချို့ကိုလည်း ပြန်လည်ဖျက်သိမ်းတာနဲ့ လက်မှတ်ဖိုး ပြန်အမ်းတာတွေကို မတ် ၂၀ ရက်နေ့မှာ စတင်လာသလို လက်မှတ်ရောင်းချမှုကိုလည်း ယာယီရပ်ဆိုင်းထားတယ်လို့ ပြည်တွင်းသတင်းတွေက ဖော်ပြကြပါတယ်။

ဒီလိုမျိုး လေယာဉ်ဆီ အခက်အခဲဖြစ်ချိန်မှာ စစ်တပ်ကတော့ တိုက်လေယာဉ်တွေကို သုံးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို ဗုံးမိုးတွေ အဆက်မပြတ် ကြဲချနေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်တုန်းကလည်း ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်ရှိ ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်းကျေးရွာတွေကို စစ်တပ်က လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သား ၂၈ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် မတ် ၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းအကျဉ်းစခန်းအပေါ် လေကြောင်းဗုံးကြဲမှုကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားတာပါ။

တစ်ဘက်မှာ အီရန်က မြန်မာစစ်တပ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအထိ လေယာဉ်ဆီ တန်ချိန်ပေါင်း ၁၇၅၀၀ ပို့ဆောင်ပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ရဲ့ အချက်အလက်တွေမှာလည်း မြန်မာနိုင်ငံကို လေယာဉ်ဆီတင်သွင်းမှုဟာ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း မတ်ထရစ်တန် ၆၄,၅၆၂ မှ ၁၀၆,၆၀၄ အထိ ရှိလာခဲ့ပြီး နှစ်ဆနီးပါး တိုးလာခဲ့တယ်လို့ Justice for Myanmar က ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ကော်မရှင်က လေယာဉ်ဆီနဲ့ စက်သုံးဆီ ဝယ်ယူရရှိရေးအတွက် လမ်းခရီးနဲ့ ကုန်ကျစရိတ် အကုန်အကျများသည့်တိုင် မဟာမိတ်ဖြစ်တဲ့ ရုရှားနိုင်ငံဆီက တိုးမြှင်ဝယ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။

ဓာတ်ပုံ-USDP
March 21, 2026
စစ်ကော်မရှင်ကနေ ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့...
March 20, 2026
မွန်ပြည်နယ်ကို စစ်ကောင်စီ တာဝန်ယူပြီးနောက်ပိုင်း တည်ငြိမ်ရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့...
ဓာတ်ပုံ-CJ
March 19, 2026
မွန်ပြည်နယ်မှာ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးနောက် စစ်ကော်မရှင် လက်အောက်ခံ...
ဓာတ်ပုံ - CJ
March 18, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းကလေးကျေးရွာအနီးရှိ တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့...