မွန်ပြည်နယ်ကို စစ်ကောင်စီ တာဝန်ယူပြီးနောက်ပိုင်း တည်ငြိမ်ရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို တိုးမြှင့်အကောင်အထည်ဖော်ပေးနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။
မတ် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၅၂ နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပေးပို့တဲ့ သဝဏ်လွှာမှာ နိုင်ငံတော်ရဲ့ ယာယီသမ္မတအဖြစ် ကိုယ့်ဘာသာခန့်အပ်ထားတဲ့ စစ်ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့တာပါ။
စစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ် ဧပြီနှောင်းပိုင်းကစတင်ပြီး မွန်ပြည်နယ်ကို ခရိုင် ၂ ခု ထပ်မံတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့လို့ ခရိုင် ၄ ခု၊ မြို့နယ် ၁၀ ခုတို့နဲ့အတူ ဘက်စုံဖွံ့ဖြိုးရေးတို့ကို လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
ဒေသခံအများစုကတော့ အာဏာသိမ်းမှုအတွင်း စစ်အုပ်စုက တိုးတက်အောင် လုပ်ပေးတာ ဘာတစ်ခုမှ မရှိသလို လောင်းကစားဝိုင်းတွေနဲ့ မြေယာသိမ်းဆည်းမှုတွေကြောင့် ပြည်သူတွေပဲ ဒုက္ခရောက်ရတယ်လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်ကတော့ နိုင်ငံသားတိုင်း လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်တဲ့အနေနဲ့ မွန်ပြည်နယ်မှာ တံတားသစ်နှစ်စင်း ဖွင့်လှစ်ပေးခဲ့မှုအပေါ် ဂုဏ်ယူဝင့်ကြွားနေတာပါ။
မွန်ပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေးကအစ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်တွင်းပြည်ပ ကုန်စည်စီးဆင်းမှုအတွက် အဓိကကျတဲ့ ဂျိုင်း (ဇာသပြင်) တံတားသစ်နဲ့ အတ္ထရံတံတားသစ် နှစ်စင်းကို မတ် ၈ ရက်နေ့မှာ စစ်ကော်မရှင်က ဖွင့်လှစ်ပေးခဲ့ပါတယ်။
အဲဒီအတွက် မော်လမြိုင်အထူးစီးပွားရေးဇုန်နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကို ဖြစ်စေ မွန်နဲ့ ကရင်ကနေ တစ်နိုင်ငံလုံးကိုဖြစ်စေ အဆင်ပြေစွာ သွားလာနိုင်မှာဖြစ်ပြီး ပြည်တွင်းပြည်ပ ကုန်စည်စီးဆင်းမှု လျင်မြန်စေမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
မွန်ဒေသခံပြည်သူတစ်ဦးက ကုန်ဈေးနှုန်းအပါအဝင် စက်သုံးဆီ ဈေးနှုန်းတွေ တက်ပြီး သွားလာရေး လွတ်လပ်မှု မရှိတဲ့အတွက် ဘယ်ဟာ တိုးတက်လဲဆိုတာ မမြင်မိဘူးလို့ ပြောပါတယ်။
“ကုန်ဈေးနှုန်းတက်တယ်။ ဆီဈေးတက်တယ်။ ဟိုဟာ တက်တယ် ဒီဟာ တက်တယ်။ ပြီးတော့ လူတွေ သွားရေး လာရေးက လွတ်လပ်မှုမရှိဘူး။ ဟို ဘာအဖွဲ့ ညာအဖွဲ့က ယူနီဖောင်းတွေ ဝတ်ပြီးတော့ လူတွေကို ခြိမ်းခြောက် အနိုင်ကျင့် ဟိုး စာမတတ် ပေမတတ် လမ်းဘေးက တေလေကြမ်းပိုးစရိုက်တွေကအစ ယူနီဖောင်းဝတ်ပြီးတော့ ပြည်သူတွေကို စော်ကားနေတာ။ အဲဒီတော့ တိုးတက်တယ်ဆိုတော့ ဘယ်ဟာကို တိုးတက်လဲတော့ ကျွန်တော်လည်း မမြင်ဘူး”လို့ ဆိုပါတယ်။
မွန်ပြည်နယ်ဟာ စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် လူမှုစီးပွားအကျပ်အတည်းနဲ့အတူ ဘက်ပေါင်းစုံ ချွတ်ခြုံကျနေသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပါ ရင်ဆိုင်နေကြရတာပါ။
တစ်ဘက်မှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေလည်း ရာနဲ့ချီ ရှိနေပြန်ပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းတွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်းမှု ၅ နှစ်အတွင်း ပဋိပက္ခဖြစ်စဉ်တွေကြောင့် အရပ်သားပြည်သူ ၆၅၀ ဦး သေဆုံးပြီး တစ်ထောင်ကျော် ဒဏ်ရာရရှိခဲ့တာပါ။
လက်နက်ကိုင်အဖွဲ့အစည်းတွေက အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၂၄၁ ဦး ရှိပြီး လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၂၂၆ ဦးရှိခဲ့ပါတယ်။
၂၀၂၁ နောက်ပိုင်း ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ နယ်မြေတည်ငြိမ်ရေး လုပ်ဆောင်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ စတင်ဖြစ်ပေါ်ခဲ့တာလို့ Data for Myanmar က ဆိုပါတယ်။
စစ်ခေါင်းဆောင်ကတော့ ဒီကနေ့ အချိန်မှာ အနာဂတ်အင်အားတွေဖြစ်တဲ့ လူငယ်တွေကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စတွေ မြှင့်တင်ကာ ဘက်စုံထူးချွန်ထက်မြက်တဲ့ လူကောင်းလူတော်တွေဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။
လက်တွေ့မှာတော့ စစ်မှုထမ်းဥပဒေကြောင့် မွန်ဒေသခံလူငယ်တွေဟာ တပ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခံနေရပြီး အကျိုးဆက်အနေနဲ့ လူငယ်တွေ နေရပ်စွန့်ခွာကာ ပြည်ပနိုင်ငံတွေမှာ ရရာနည်းလမ်းနဲ့ ထွက်သွားကြတဲ့အတွက် လူ့စွမ်းအားအရင်းအမြစ်လည်း ရှားပါးလာပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က ညွှန်းကိန်းတွေကို ကြည့်ရင် စစ်အုပ်စုကြောင့် လူငယ်တွေနဲ့ ပြည်သူတွေကြား တိုးတက်မှုရှိတာ မတွေ့ရဘဲ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးနေတာလို့ ထောက်ပြပါတယ်။
"ကျွန်တော်တို့ လူငယ်တွေကြားမှာ ပြည်သူတွေကြားမှာ တကယ့် တိုးတက်မှုတွေ မရှိတာကို တွေ့ရပါတယ်။ တချို့ဆို ဆုတ်ယုတ်သွားတာ တွေ့ရတယ်။ အလွယ်နည်းနဲ့ ဝင်ငွေရှာတဲ့ ကိစ္စတွေ (လောင်းကစား) လောင်စာဆီတွေကို မှီခိုနေရတဲ့ ကိစ္စတွေ။ အဲဒီလို ဖြစ်လာအောင်လည်း စစ်အုပ်စုက ဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးပြီး အစီအစဉ်တကျ လူတွေရဲ့ နိုင်ငံရေး ဝင်ဆန့်နိုင်မှုတွေ တွေးတောမှုတွေ ဖောက်ထွက်ပြီးတော့ စဉ်းစားမှုတွေကို ချုပ်ငြိမ်းသွားအောင် ဆုတ်ယုတ်သွားအောင် တမင်လုပ်နေပြီးတော့ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ဝင်မရှုပ်အောင် အမြဲတမ်းလုပ်နေတဲ့ ပုံစံတွေ ဖြစ်တဲ့အတွက် ဒါတွေကို ကျွန်တော်တို့ သတိကြီးကြီး ထားရမှာဖြစ်တယ်"လို့ ဆိုပါတယ်။
သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုတွေအရ ပြည်နယ်အတွင်းက လူငယ်တွေကို စစ်ကော်မရှင်ရဲ့ တပ်ရင်းနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ တစ်လ အနည်းဆုံး လေးဦး ကနေ ၁၀ ဦးအထိ စစ်မှုထမ်းတပ်သားအဖြစ် ကြိုတင်ဖမ်းဆီး စုဆောင်းထားတာပါ။
မွန်ပြည်နယ်မှာ စစ်ကော်မရှင်ကနေ လစဉ် ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၂ အထိ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ် ၄၅၀၀ ထက်မနည်း တပ်သားအဖြစ် သွတ်သွင်းခံထားရပါတယ်။
ဒီအခြေအနေမှာ စစ်ခေါင်းဆောင်က ရေခံမြေခံ ကောင်းမွန်ပြီး သဘာဝအရင်းအမြစ်တွေ ကြွယ်ဝတဲ့ မွန်ပြည်နယ်အနေနဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကို တိုးမြှင့်နိုင်မယ်ဆိုရင် ဒေသခံပြည်သူတွေရဲ့ ဝင်ငွေတိုးစေမယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ကာ လူမှုစီးပွားဘဝ အခုထက်ပိုပြီး တိုးတက်လာမှာဖြစ်တာကြောင့် အဲဒီလုပ်ငန်းတွေကို နည်းပညာနဲ့ ပေါင်းစပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်အောင် လုပ်ဆောင်ပေးကြဖို့ သဝဏ်လွှာမှာ တိုက်တွန်ထားပါတယ်။
သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI







