အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိခဲ့ရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အာရက္ခတပ်တော်(AA) ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကော်မရှင်ဘက်က လေကြောင်း တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူများက နိရဉ္စရာကို တညီတညွတ်တည်း ပြောသည်။
အနောက်ပိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး သောင်းထွန်းက "ဗုံးကြဲသွားတာကတော့ ပေါင် ၅၀၀ ဗုံး၊ ၁၅ လုံး၊ အလုံး ၂၀ လောက်တော့ပါမယ်ထင်တယ်။ နေ့ခင်း တစ်နာရီလောက်မှာ စပြီးတော့ Y 12 ကနေပြီးတော့မှ ဗုံးကြဲတာပေါ့။ ဒီလိုမျိုးတော့ သုံးသွားပါတယ်။ ကျနော်ကတော့ အမှန်တရားကိုပြောပြတာပေါ့နော်။ ဗုံးကြဲသွားတာ ကျနော်ကတော့ မျက်မြင်ကိုယ်တွေ့။ ကျနော်လည်း ကံကောင်းလို့မသေတာ။ ကျနော်အပါအဝင် လွတ်သွားတဲ့အဖွဲ့တွေရှိတယ်။ ဗိုလ်မှူးကြီး မြင့်ရွှေကတော့ မီးလောင်တဲ့ထဲပါသွားတယ်။ စစ်ကို စစ်နဲ့တူအောင်တိုက်တာအကောင်းဆုံးဘဲ"ဟု နိရဉ္စရာကို ပြောသည်။
ပြီးခဲ့သည့် မတ်လ (၈) ရက်၊ နံနက် (၁၁)နာရီခန့်က အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းအား အကြမ်းဖက် စစ်ကော်မရှင်က လေယာဉ်ရှစ်စင်းဖြင့် သုံးနာရီကျော်ကြာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလူမဆန်စွာတိုက်ခိုက်ခံခဲ့ရမှုကြောင့် စစ်သုံ့ပန်း (၁၁၆)ဦး သေဆုံးခဲ့ပြီး (၃၂) ဦး ဒဏ်ရာရရှိသွားခဲ့သည်။
အဆိုပါစစ်သုံ့ပန်းများကို AA က မီးရှို့သတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကော်မရှင်ဘက်တော်သားများက လူမှုကွန်ရက်များပေါ်တွင် ပြင်းပြင်းထန်ထန်ဝါဒဖြန့်ပြောဆိုနေမှုမှာ ဖြစ်စဉ်အမှန်နှင့်ကွဲလွဲနေသည်ဟု အဆိုပါတိုက်ခိုက်ခံရမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက နိရဉ္စရာနှင့်တွေ့ဆုံစဉ် တုံ့ပြန်ပြောဆိုကြခြင်းဖြစ်သည်။
အဆိုပါအကျဉ်းထောင်တွင် ဆေးဝါးကုသပေးနေသည့် အမ်းမြို့၊ အမှတ် (၂)တပ်မတော်ဆေးရုံ ခုတင် (၃၀၀)၊ အထွေထွေရောဂါကုသမားတော် ဗိုလ်ကြီး အောင်မြင့်မြတ်ကလည်း "ဆေးကုသမှုပေးနေတဲ့အခါ ဂျက်က တောက်လျှောက်ပစ်နေတာ။ Y 12 ကလည်း ဆက်တိုက်ချနေတာပါ"ဟု နိရဉ္စရာကို ပြောသည်။
စစ်ဆေးရုံ၊ အမှတ် ၂ တပ်မတော်ဆေးရုံ ခုတင် (၃၀၀) အရပ်ဘက်သူနာပြုအကူ၊ ဒေါ်ယဉ်ယဉ်ဌေးကလည်း "ကျမလည်း စစ်ကောင်စီဘက်ကပါဘဲ။ ပြောရမယ်ဆိုလို့ရှိရင် ဒီလိုမျိုးအကျဉ်းထောင်ကိုပေါ့နော်။ ကိုယ့်လူတွေရှိရဲ့သားနဲ့၊ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ချလဲတော့ ကျမ, မသိဘူး။ မနက် ၁၁ နာရီလောက်ကနေ ညနေ ၆ နာရီလောက်ထိ ဆက်သွယ်ရေးမြောင်းထဲမှာနေခဲ့ရပါတယ်။ လေးနာရီကျော်လောက်ထိ ဆက်တိုက်ကိုချနေပါတယ်"ဟု ပြောသည်။
ယင်းနေ့က စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် အဆိုပါစစ်သုံ့ပန်းအကျဉ်းစခန်းမှ ခွဲစိတ်ခန်းကျွမ်းကျင်သူနာပြု ဗိုလ်ကြီး ဖြိုးသူရိန်အေးနှင့် ဓာတ်မှန်ပါရဂူ ဗိုလ်ကြီး အောင်အောင်ဆက်တို့လည်း သေဆုံးသွားခဲ့သည်။
နောက်ထပ် အရိုး၊ အကြော၊ အဆစ် ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန် ဗိုလ်ကြီး ဟန်ဝင်းဆွေသည်လည်း ပြင်းထန် ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။
စစ်ကော်မရှင်တပ်၏ ဗိုလ်မှူးဟောင်း ဟိန်းဖြိုးနိုင်က "လာပြီဆိုတာနဲ့ တပ်မတော်လေယာဉ်မှန်း သိလိုက်ပါတယ်။ ဖြစ်တဲ့အချိန်မှာ လေယာဉ်သံ၊ ဂျက်သံကို သဲ့သဲ့လေးဘဲကြားလိုက်ရပါတယ်။ ပစ်မှတ်က ကျနော်တို့ကိုရည်ရွယ်တာလား၊ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုရည်ရွယ်တာလားဆိုတာကို ခန့်မှန်းရခက်ပါတယ်"ဟု နိရဉ္စရာကို ပြောသည်။
ဂျက်တိုက်လေယာဉ်များနှင့် Y 12 လေယာဉ်များဖြင့် ဗုံးသီးများ ဆက်တိုက်ကြဲချနေသည့်အတွက် ငရဲခန်းအလား အောက်မေ့ခဲ့ရသည်ဟုလည်း ကိုယ်တွေ့ကြုံခဲ့ရသူများက ပြောသည်။
သေဆုံးသွားခဲ့သည့် စစ်သုံ့ပန်းတစ်ဦး၏ဇနီး ဒေါ်သီတာစိုးက "အဘမင်းအောင်လှိုင်ကိုပြောချင်တာကတော့ တိုက်ဆိုင်မှုကြောင့်ဘဲဖြစ်ဖြစ်၊ လွဲချော်သွားတာဘဲဖြစ်ဖြစ် လက်ရှိဆုံးရှုံးသွားတာကတော့ စစ်ကောင်စီဘက်က ထိန်းသိမ်းခံထားရတဲ့ အမျိုးသားတွေတော်တော်များများထိခိုက်မှုတွေအများကြီးဖြစ်သွားခဲ့တယ်။ ဆုံးရှုံးမှုတွေအများကြီးဖြစ်သွားခဲ့တယ်။ အစ်မကြီးခင်ပွန်းက အစ်မကြီးမိသားစုအတွက်ကော၊ မိခင်တပ်ရင်းအတွက်ကော အရမ်းကိုတာဝန်ကျေပွန်ခဲ့တဲ့ ခင်ပွန်းကောင်းတယောက်ပါ။ သားသမီးတွေအပေါ်မှာကော အမြဲတမ်းတံတိုင်းကြီးသဖွယ် အမြဲတမ်းအုန်းမိုးကာကွယ်ထားတဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါ။ အခုလိုဆုံးရှုံးသွားရတဲ့တွက်ကြောင့် အရမ်းကိုဝမ်းနည်းမိပါတယ်"ဟု ပြောသည်။
ယင်းနေ့က စစ်ကော်မရှင်ဘက်က လေကြောင်းတိုက်ခိုက်ခံခဲ့ရအပြီး ထိခိုက်ခံစားခဲ့ရသည့် စစ်သုံ့ပန်းနှင့် စစ်သုံ့ပန်းမိသားစုဝင်များကို AA က အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ပေးခဲ့ပြီး ဆေးကုသမှုများလည်း ဆောလျင်စွာဆောင်ရွက်ပေးခဲ့ရသည်ဟု အဆိုပါအကျဉ်းစခန်းတာဝန်ရှိသူက နိရဉ္စရာကို ပြောသည်။
ယခုဖြစ်စဉ်သည် AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများထဲတွင် စစ်သုံ့ပန်း အသေအပျောက် အများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်သည်။
စစ်ကော်မရှင်သည် ၂ဝ၂၄ ခုနှစ်၊ ၂ဝ၂၅ ခုနှစ်နှင့် ယခု ၂ဝ၂၆ ခုနှစ်အစောပိုင်းတို့ကလည်း ပေါက်တော၊ မောင်တောနှင့် ကျောက်တော်မြို့နယ်တို့မှ စစ်သုံ့ပန်းများရှိရာအကျဉ်းစခန်းများကို လေကြောင်းဗုံးကြဲမှုများ ပြုလုပ်ခဲ့သည့်အတွက် လူဦးရေ ရာနှင့်ချီ သေဆုံးသွားခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရသည်။
ဓာတ်ပုံ - စစ်ကော်မရှင်လေတပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကိုခံခဲ့ရသည့် အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းအကျဉ်းစခန်းအား မတ်လ ၁၆ ရက်က တွေ့ရစဉ်။







