လာတော့မယ့် “အခင်းအကျင်း” ကို မျှော်မှန်း တွက်ချက် စိတ်ကူးနေသူ အားလုံးသို့

လာတော့မယ့် “အခင်းအကျင်း” ကို မျှော်မှန်း တွက်ချက် စိတ်ကူးနေသူ အားလုံးသို့

မောင်ကျော်စွာ — (၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်)

လာမယ့် မတ်လ ၁၆ ရက်နေ့နောက်ပိုင်းမှာ “အခင်းအကျင်း” တစ်ခု ပေါ်လာတော့မယ်။

၂၀၂၁ ခုနှစ်ကနေ ဒီနေ့အထိ မင်းအောင်လှိုင်က စစ်အုပ်စု (စကစ/စကမ) + ဝန်ကြီးချုပ် ဆိုတဲ့ အုပ်စိုးမှု အခင်း အကျင်းကနေ စစ်အုပ်စု (အတိုင်ပင်ခံကောင်စီ + လွှတ်တော် + အစိုးရ) ဆိုတဲ့ အုပ်စိုးမှု အခင်းအကျင်းနဲ့ ပွဲထွက်လာ တော့မယ်။

ဘယ်လိုအခင်းအကျင်းပဲ ထွက်ပေါ်လာပါစေ ခင်းကျင်းလာပါစေ “အာဏာ” ဟာ မင်းအောင်လှိုင် လက်ထဲ – စစ်အုပ်စု လက်ထဲကနေ ဘယ်သူ့ဆီကိုမှ ရောက်မသွားဘူးဆိုတဲ့ အနှစ်သာရအချက်နဲ့ အားလုံး (အခြေခံဥပဒေ – လွှတ် တော် – အစိုးရ စတဲ့ အုပ်ချုပ်ရေးယန္တရားအသီးသီး) ရဲ့အပေါ်မှာ လူပုဂ္ဂိုလ်အရဆိုရင် “မင်းအောင်လှိုင်” နဲ့ အစုအဖွဲ့အရ ဆိုရင် “စစ်အုပ်စု” ရှိနေတယ်ဆိုတဲ့အချက်ကို ဘယ်လို “အပေါ်ယံသဏ္ဌာန်” တွေကြောင့်မှ ဝေဝါး လမ်းလွဲမသွားကြဖို့ ပါပဲ။ အကဲဖြတ်မမှားကြဖို့ပါပဲ။

၁၉၆၂ ခုနှစ်ကနေ မျက်မှောက်ကာလ (၂၀၂၆ ခုနှစ်) အထိ “အာဏာ” ဟာ စစ်အုပ်စု တစ်ဆက်ကနေ နောက် စစ်အုပ်စု တစ်ဆက်ဆီသို့ လက်ပြောင်းလက်လွှဲ ပြောင်းလဲခဲ့တာမျိုးသာရှိပြီး စစ်အုပ်စုမှအပ အခြား ဘယ်သူ့လက်ထဲ သို့ လုံးလုံးလျားလျားရောက်မသွားခဲ့ဖူးဘူးဆိုတဲ့ အချက်အလက်ကို ရှင်းရှင်းလင်းလင်း ကြည့်မြင် ကြဖို့ လိုအပ်ပါ တယ်။

အခုပေါ်လာတော့မယ့် အခင်းအကျင်းဆိုတာကလည်း “စစ်အုပ်စု (စကစ/စကမ) + ဝန်ကြီးချုပ်” ဆိုတဲ့ အခင်း အကျင်းကနေ “စစ်အုပ်စု(အတိုင်ပင်ခံကောင်စီ + လွှတ်တော် + အစိုးရ)” ဆိုတဲ့အခင်းအကျင်းကို ပြောင်းလဲမှာ ဖြစ်ပါ တယ်။ ဒီလိုအခင်းအကျင်းကို ဖန်တီးနိုင်ဖို့ မင်းအောင်လှိုင် စစ်အုပ်စုဟာ အထွေထွေ ရွေးကောက်ပွဲကို မဖြစ်ဖြစ် အောင် ကျင်းပခဲ့တယ်။ စိတ်ကြိုက် ရွေးကောက်ပွဲရလဒ်လည်းထွက်အောင် လုပ်ခဲ့ကြတယ်။

စစ်အုပ်စုအနေနဲ့ ဘယ်လိုစိတ်ကြိုက် အခင်းအကျင်းတွေပဲ လုပ်ခဲ့လုပ်ခဲ့ အာဏာနဲ့အုပ်စိုးမှုက မင်းအောင်လှိုင် နဲ့ စစ်အုပ်စုတစ်လက်ကိုင်ပဲဖြစ်တယ်ဆိုတဲ့ အချက်ကို ဖုံးကွယ်ထားလို့ မရဘူး။ လှည့်စားလို့ မရဘူးဖြစ်နေတယ်။

ပေါ်လာတော့မယ့် အခင်းအကျင်းက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပထမဆုံး ပွဲထွက်လာတဲ့ ဗိုလ်/ဦးသိန်းစိန် ကြံ့ဖွံ့ အစိုးရ ဆိုတဲ့ အခင်းအကျင်းနဲ့တောင် မတူညီနိုင်ပါဘူး။ အဓိက မတူညီတဲ့အချက်တွေထဲက ပထမဆုံးအချက်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အာဏာသိမ်းတဲ့နည်းနဲ့ မင်းအောင်လှိုင် စစ်အုပ်စုက ဖျက်သိမ်းပစ်ခဲ့တဲ့အချက် ဖြစ်ပါ တယ်။ ဒုတိယအချက်က အာဏာသိမ်းပိုက်မှုကြောင့် ပေါ်ထွက်လာတဲ့ တစ်ပြည်လုံး လူထုအုံကြွမှုကြီး အဲဒီကနေ တစ်ဆင့်တက်ပေါက်ကွဲလာတဲ့ လက်နက်ကိုင်ခုခံစစ် ဆိုတဲ့အချက်ဖြစ်ပါတယ်။ တတိယအချက်ကတော့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန် အစရှိတဲ့ တိုင်းပြည်လူထုနဲ့ နိုင်ငံတ ကာက အသိအမှတ်ပြုအလေးထားတဲ့ ပုဂ္ဂိုလ်တွေကို ထောင်သွင်းအကျဉ်းချထားမှု ဖြစ်ပါတယ်။ စတုတ္ထအချက်က တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) အစရှိတဲ့ အများပြည် သူက လေးစားအားထားတဲ့ နိုင်ငံရေးပါတီတွေ တရားဝင် လှုပ်ရှားခွင့်မရှိဘဲ ဖျက်သိမ်းထားမှု ဆိုတဲ့ အချက်ပဲ ဖြစ်ပါ တယ်။

ဒီအချက် (၄)ချက်ဟာ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ ဂမူးရှူးထိုး အာဏာသိမ်းပိုက်မှုကနေ တိုက်ရိုက်ပေါ်ထွက် လာတဲ့ အချက်တွေသာဖြစ်ပြီး အခြားမည်သူတစ်ဦးတစ်‌ယောက်နဲ့ မည်သည့်ပါတီအဖွဲ့အစည်းကမှ လုပ်ဆောင် ဖန်တီးခဲ့တာ မဟုတ်ပါဘူး။

(NCA)စာချုပ် လက်မှတ်ရေးထိုးထားသူတွေထဲမှာတောင် ၂ပိုင်း ၂အုပ်စုကွဲသွားပြီး (NCA)စာချုပ် ပျက်ပြယ် သွားပြီ၊ စက္ကူစုတ်ဖြစ်သွားပြီ ဒီလို စက္ကူစုတ်ဖြစ်အောင် ပြုလုပ်သူဟာ မင်းအောင်လှိုင်တို့ စစ်အုပ်စုနဲ့ အာဏာသိမ်း ပိုက်မှုကြောင့်သာဖြစ်တယ်လို့ (NCA)စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ သက်ဆိုင်သူတွေက ကြေညာချက် တွေထုတ်ပြန်ပြီး တိုင်းပြည်နဲ့ပြည်သူကို အသိပေးခဲ့တယ် မဟုတ်ပါလား။

မင်းအောင်လှိုင်စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုနဲ့ အကြမ်းဖက်ချေမှုန်းလာမှုတွေကို ခုခံတော်လှန်ဆန့်ကျင်ဖို့ စစ်အတတ်ပညာ လေ့ကျင်သင်ကြားပေးမှု၊ လက်နက်ခဲယမ်း အကူအညီပေးမှု စတဲ့အချက်တွေကြောင့် အထက်မှာ တင်ပြခဲ့သလို “(NCA )စာချုပ် ပျက်ပြယ်သွားပြီ – စက္ကူစုတ်ဖြစ်သွားပြီ”လို့ ဗြောင်ကြေညာချက်ထုတ်ပြီး အသိပေးခဲ့ ကြတဲ့အဖွဲ့အစည်းတွေကို “မတရားသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်း” အဖြစ် ရုပ်သိမ်းထားရာနေ ပြန်ပြီးတော့ “မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်း” အဖြစ် တစ်ကျော့ပြန် ကြေညာခဲ့ပြန်တယ် မဟုတ်ပါလား။

တချို့ကလည်း “မတ်လ ၁၆ရက်နေ့ နောက်ပိုင်းပေါ်လာမယ့် အခင်းအကျင်းမှာ” ပါဝင်ကစားနိုင်ဖို့ အာဘော် ထုတ်ပြီး ဟန်ပြင်နေကြပါတယ်။ အကြောင်းပြချက်ကတော့ မယ်မယ်ရရ မရှိလှပါဘူး။ အဲဒီအထဲက ဖက်ရှင်ကျလှတဲ့ အကြောင်းအချက်တစ်ခုကတော့ “တရုတ် ဖိအား/တွန်းအားကြောင့်” ဆိုတာပါပဲ။

ချိနဲ့လှတဲ့ ကျနော်တို့တိုင်းပြည်ဟာ အုပ်စိုးသူအစိုးရဖြစ်စေ – အတိုက်အခံပါတီ သို့မဟုတ် ပုန်ကန် တော်လှန် သူအဖွဲ့အစည်းတွေပဲဖြစ်ပါစေ “အမေရိကန် ဖိအား/တွန်းအား (သို့မဟုတ်) တရုတ်ဖိအား/တွန်းအား” ဘယ်သူ့ ဖိအား/ တွန်းအား ကိုမှ ရေရှည် မလွန်ဆန်နိုင်ခဲ့ကြပါဘူး။ စတိဖြစ်ဖြစ်၊ အဖြစ်သဘောဖြစ်ဖြစ် သူတို့ ဖိအားပေး/ တိုက်တွန်းတဲ့ လမ်းကိုလျှောက်ကြရပါတယ်။ “တွေ့ဆုံဆွေးနွေး” ကြရပါတယ်။ တချို့တွေ ယာယီ ပြေလည်မှုရသွားကြပါတယ်။ တချို့ မရဘူး။ ယာယီပြေလည်မှုကလည်း ကာလတစ်ခုမှာ အကြောင်းပြချက် တစ်မျိုးမျိုးနဲ့ ပြန်လည်ပျက်ပြယ်သွား တတ်ပြန်ပါတယ်။

ဒီလိုဖြစ်စဉ်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ပိုလို့ထင်ရှားလာပြီး ပိုပြီးတော့လည်း အတွေ့ရများလာပါတယ်။

အတိုက်အခံတွေဘက်က၊ ခုခံတော်လှန်သူတွေဘက်က အောင်ပွဲခံဖို့ သို့တည်းမဟုတ် အောင်ပွဲနဲ့ နီးစပ်လာဖို့ အတွက် မရှိအဖြစ်လိုအပ်တဲ့ အောက်ပါအခြေခံအချက်(၄) ပီပီပြင်ပြင် ရရှိထားတာ အခုချိန်အထိ (၅နှစ်တာ ကာလ အထိ) မတွေ့ရ၊ မမြင်ရသေးပါဘူး။

– စည်းမျဉ်းအခြေခံတဲ့ စုပေါင်းခေါင်းဆောင်မှု

– တစ်ပြည်လုံးလွတ်မြောက်ရေးရှေ့ရှုတဲ့ အင်အားစုတွေအချင်းချင်းအကြားက ညီညွတ်ရေး

– ပြည်နယ်၊ မိမိလူမျိုး လွတ်မြောက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး – ဖက်ဒရယ် ပြည်ထောင်စုအရေးအတွက် တိုက်ပွဲ ဝင်နေကြတဲ့ အသီးသီးသော တိုင်းရင်းသားလူမျိုးစု တစ်စုနဲ့တစ်စုအကြားက ညီညွတ်ရေး

– တစ်ပြည်လုံးလွတ်မြောက်ရေး ရှေ့ရှုတဲ့အင်အားစုတွေနဲ့ ပြည်နယ်၊ မိမိလူမျိုး လွတ်မြောက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး – ဖက်ဒရယ် ပြည်ထောင်စုအရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလူမျိုးစုအကြားက ညီညွတ်ရေး

ဒီအခြေခံအချက် (၄)ချက်သာ ပီပီပြင်ပြင် ရရှိထားတယ်ဆိုရင် “နိုင်ငံတကာအခြေအနေ” ဘယ်လိုပဲရှိနေပါ စေ သို့တည်းမဟုတ် “အမေရိကန် ဖိအား/တွန်းအား (သို့မဟုတ်) တရုတ်ဖိအား/တွန်းအား” ဘယ်လိုပင်ရှိနေပါစေ ကျားကုတ်ကျားခဲ ရင်ဆိုင်ကျော်လွှားပြီး နိုင်ငံရေးအဆင့်နေရာတစ်ခုကို ထိုက်ထိုက်တန်တန် ရရှိလာနိုင်မှာ မလွဲပါဘူး။

၂၀၀၈ အခြေခံဥပဒေဘောင်ထဲက အခင်းအကျင်း – လွှတ်တော်ထဲက အခင်းအကျင်း – (NCA)ထဲက အခင်းအ ကျင်းဆိုတာ စစ်အုပ်စုအတွက် လက်ဦးမှုနဲ့ အားသာချက်တွေ ဘက်စုံကွက်စုံ အပိုင်အနိုင်ရယူထားတဲ့ အခင်းအကျင်း ဖြစ်ပါတယ်။ ဒီအခင်းအကျင်းကို ပြည်သူ့စွမ်းအားနဲ့ ကျော်လွန်နိုင်တယ်ဆိုအုံး။ စစ်တပ်ကို ချုပ်ကိုင်ထားတဲ့ စစ်တပ် ကိုတစ်လက်ကိုင်တပ်သဖွယ် လုပ်ထားနိုင်တဲ့စစ်အုပ်စုက အာဏာသိမ်းပိုက်လာပြီဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ရင်ဆိုင် ကြမလဲ။

ဒီအချက်တွေဟာ မကြာခင်ပေါ်လာတော့မယ့် “အခင်းအကျင်း”ကို မျှော်မှန်း တွက်ချက် စိတ်ကူးနေသူ အားလုံး လက်တွေ့ကျကျ ထည့်သွင်းစဉ်းစားကြရမယ့်အချက်လို့ ထင်မြင်ယူဆမိပါကြောင်း။

Photo - KIC
March 16, 2026
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများအပြင် မြစ်ကြောင်းတစ်လျှောက်...
March 13, 2026
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းမှ သွေဖယ်ပြီး...
Photo: CJ
March 12, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့တောင်ဘက်ပိုင်း၊ ဖလူးနှင့်မင်းလက်ပံကျေးရွာဘက်တွင် မတ်လ(၈)ရက်မှ ယနေ့...
March 12, 2026
၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ အကြမ်းဖက်လှုပ်ရှားမှုများပြီးနောက် နှစ်ရှစ်နီးပါးကြာလာသော်လည်း...