ချင်း- မကွေး တော်လှန်ရေးအစိုးရတို့ စစ်ရေးအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

ချင်း- မကွေး တော်လှန်ရေးအစိုးရတို့ စစ်ရေးအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

ချင်းလဲန်းကောင်စီ၊ ချင်းပြည်မဏ္ဍိုင် ၃ ရပ် အကြီးအကဲများနှင့် မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ တာဝန်ရှိသူတို့ တွေ့ဆုံပြီး စစ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးကြောင်း သိရသည်။

“အခုကတော်လှန်ရေးကာလဆိုရင် တော်လှန်ရေးကို ဘယ်လိုနည်းနဲ့ ချဉ်းကပ်ရင် ပိုကောင်းလာနိုင်မလဲ၊ ကျနော်တို့ ဒီတော်လှန်ရေးမှာ အချိတ်အဆက် မိမိ၊ ဘာတွေပူးပေါင်းလို့ ရသလဲ၊ စစ်ရေးကဏ္ဍမှာ ဖြစ်ဖြစ်၊ ပြည်သူ့ကဏ္ဍမှာ ဖြစ်ဖြစ် ဘာတွေ ပူးပေါင်းလို့ ရသလဲဆိုတာ ကျနော်တို့ ဆွေးနွေးဖြစ်တယ်။ အတူတကွ ပြည်သူ့ဝန်ဆောင်မှုကို ဘယ်လို လုပ်ကြမလဲ၊ အဓိကက မကွေးဖက်ဒရယ်ယူနစ်နဲ့ ချင်းပြည်ချင်းလဲန်းက နယ်မြေချင်းကလည်း ထိစပ်နေတော့ လမ်းပန်းဆက်သွယ်ရေးပဲ ဖြစ်ဖြစ်၊ ကုန်စည်စီးဆင်းတဲ့ နေရာမှာ ဘာတွေ လုပ်လို့ ရမလဲ၊ ချင်းလဲန်းဘက်ကကော သူတို့အတွက် ဘာတွေ ပံ့ပို့ပေးလို့ ရမလဲဆိုတာကို အလွတ်သဘော ဆွေးနွေးကြတာပါ။ အပြန်အလှန် ဘာတွေ ကူညီနိုင်ကြမလဲဆိုတာကို ဆွေးနွေးကြတာဖြစ်ပါတယ်” ဟု ချင်းပြည်အစိုးရအဖွဲ့၊ ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng က ပြောသည်။

ချင်းပြည်ကောင်စီနှင့် ချင်းပြည်အစိုးရအပါအဝင် မဏ္ဍိုင် ၃ ရပ်မှ အကြီးအကဲများနှင့် ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော် ဦးဆောင်သော မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့မှ တာဝန်ရှိသူတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်က ချင်းပြည်နယ်၊ ချင်းလုံမြို့တွင် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။

ချင်းနှင့် မကွေးတို့၏ တော်လှန်ရေးအစိုးရ နှစ်ရပ်ကြား အချိတ်အဆက်မိမိဖြင့် စစ်ရေးကဏ္ဍ၊ တခြားပြည်သူ့ ဝန်ဆောင်မှု ကဏ္ဍတွေမှာ ပိုမိုကောင်းမွန်လာရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

တော်လှန်ရေးကာလ ၅ နှစ်ကျော်ရှိလာချိန်တွင် ချင်းနှင့် မကွေးတို့တွင် လွတ်မြောက်နယ်မြေများ ပိုမိုဖန်တီးနိုင်ရေးအတွက်လည်း ဆွေးနွေးသည်ဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng က ပြောသည်။

“အကျိုးကျေးဇူးက နှစ်ဖက်မျက်နှာချင်းဆိုင်တွေ့တဲ့အခါ တော်တော်လေး အကျိုးပြုပါတယ်။ သူတို့ဆီကနေ ကျနော်တို့ သင်ယူရတာလည်း ရှိတာပေါ့။ သူတို့ကလည်း ကျနော်တို့ဆီက သင်ယူရတာ ရှိတာပေါ့၊ အပြန်အလှန်ပေါ့၊၊ ကျနော်တို့ အားနည်းချက်၊ အားသားချက်တွေလည်း အတူတကွ ဆွေးနွေးကြပါတယ်။ အပြန်အလှန် ကျေးဇူးပြုကြတာပေါ့။ မျှော်မှန်းတာက ပြည်သူတွေ မျှော်မှန်းသလိုပါပဲ၊၊ တော်လှန်ရေးကို မြန်မြန်လေးနဲ့ ဘယ်လိုနည်းလမ်းနဲ့ ကျနော်တို့ မကွေးနဲ့ ချင်းမှာ လွတ်မြောက် နယ်မြေ ဘယ်လိုဖန်တီးနိုင်မလဲ၊၊ ကျနော်တို့ စကမကို ဘယ်လိုနည်းနဲ့ အမြန်ဆုံး ကင်းစင်နိုင်မလဲဆိုတာ ဒါက မျှော်မှန်းချက် တွေကတော့ အများကြီး ရှိပါတယ်၊၊ လက်တွေ့အကောင်အထည်ဖော်ဖို့က အားလုံးရဲ့ ဝိုင်းဝန်းမှု၊ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု အစိုးရနှစ်ဖက်ပဲ ဖြစ်ဖြစ်၊ ကျနော်တို့ ချင်းပြည်က ညီနောင်တွေ ညီအစ်ကိုတွေ၊ CB ပဲ ဖြစ်ဖြစ် အားလုံး ပူးပေါင်းမှ ကျနော်တို့ မျှော်မှန်းချက် ပန်းတိုင်ကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်မှာ ဖြစ်တဲ့အတွက် ဒါကစည်လုံးမှ ရမှာပေါ့နော်။ စည်းလုံးရင် ကျနော်တို့ရဲ့ မျှော်မှန်းချက်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မှာပါ” ဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng က ပြောသည်။

ချင်းပြည်တွင် စစ်ကောင်စီကင်းစင်ရေးအပါအဝင် ချင်းတော်လှန်ရေး အလျင်အမြန် အောင်မြင်ရေးသည် ချင်းတော် လှန်ရေး အင်အားစုအကြား အမြန်ဆုံးပူးပေါင်းနိုင်ရေး လိုအပ်နေကြောင်း၊ ချင်းအင်အားစုများ ပြန်လည်ပေါင်းစည်း နိုင်ရေးအတွက် သတင်းမီဒီယာအပါအဝင် နယ်ပယ်စုံက ဝိုင်းဝန်ကြိုးပမ်းပေးစေလိုကြောင်း၊ ချင်းတွေ စုစုစည်းစည်းနှင့် သွားနိုင်မှ ရန်သူကို နိုင်မှာဖြစ်သကဲ့သို့ ပန်းတိုင်သို့ အရောက်လှမ်းနိုင်မည်ဟု Pu Za Thawng က ပြောသည်။

စစ်ကော်မရှင်တပ်များသည် ချင်းပြည်နယ်အတွင်း ၎င်းတို့ လက်လွှတ်ထားရသော မြို့များကို ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာမှာ ၂၀၂၅ နှစ်ကုန်ပိုင်းကလည်းက ဖလမ်းမြို့သို့ စစ်အင်အားထောင်ချီနှင့်အတူ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၄ လဝန်းကျင်ရှိနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ စစ်ကော်မရှင် စစ်ကြောင်းများကို ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ CNA နှင့် ချင်းကာ ကွယ်ရေး တပ်ဖွဲ့များ၊ ချင်းညီနောင်အဖွဲ့မှ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) တို့ ပူးပေါင်း ခုခံလျက်ရှိသည်။

March 2, 2026
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသူ ၇၃၀၀ ကျော်ကို...
February 28, 2026
ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တွင် နွေရာသီကာလ မီးဘေးအန္တရာယ်...
February 27, 2026
ချင်းပြည်လွှတ်တော်သည် ချင်းပြည် မူးယစ်းဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ...
February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...