ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိသည့် ပုဂံ၊ ညောင်ဦးမြို့နယ်တွင် လူပျောက်၊ ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် မြို့ပြင်နေရာများကို သတိဖြင့်သွားလာရန် လိုအပ်ကြောင်း မြို့ခံများကပြောသည်။
“ပုဂံကိုလာမယ်ဆိုရင် ဧည့်သည်တွေအနေနဲ့ မြို့ထဲမှာတော့ လုံခြုံမှုတော့ရှိသေးတယ်။ ဒါပေမယ့် သွားမယ်လာမယ်ဆိုရင် ပုဂံကနေ အရှေ့ဘက်အရပ် ပုခုက္ကူ-မြင်းခြံဘက်ထွက်မယ်ဆိုရင် ထွက်လို့မကောင်းဘူး။ သွားမယ်ဆိုရင်တောင် ဂိတ်ဆုံး ကျောက်ဂူဥမင်တောင်မသွားသင့်ဘူး။ အနောက်အရပ်ဆိုရင် လောကနန္ဒာဘုရားကို အစွန်ဆုံးထားပြီးမထွက်သင့်ဘူး။ စေတနာကြီးပုထိုးကစပြီးတော့ လုံခြုံမှုမရှိတော့ဘူး။ အဲ့ဘက်တွေမှာ စကစ ဂိတ်တွေရှိတယ်။ တောင်ဘက်မှာတော့ ကျောက်ပန်းတောင်းလမ်းပဲပွင့်တော့တယ်။ အဲ့ဘက်တလျှောက်လည်း စကစ ဂိတ်တွေပဲများတယ်။ အဓိကလက်ရှိဖြစ်နေတာတော့ အဲ့ဒီပုပ္ပါးဘက်သွားတဲ့ဝန်းကျင်မှာသတင်းပိုထွက်တယ်” ဟု ပုဂံမြို့ဒေသခံတဦးက ပြောသည်။
ပုဂံတွင် ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာလမှ ယခု ဖေဖော်ဝါရီလအထိ ပုဂံညောင်ဦးတွင် လူပျောက် ပြန်ပေးဆွဲမှုဖြစ်စဉ်ပေါင်း ငါးခုထက်မနည်းရှိခဲ့သည်။
လတ်တလောတွင် ပုဂံကို အလည်လာသည့် ရှေ့နေ ကိုကြည်ချမ်းငြိမ်း၊ ယာဉ်မောင်း ကိုဝေယံဦး နှင့် အခြားဧည့်သည် နှစ်ဦး စုစုပေါင်း လေးဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစတင်ကာ ပျောက်ဆုံးနေကြောင်း နီးစပ်သူထံမှ သိရသည်။
“ခုထိ မိသားစုတွေနဲ့ အဆက်အသွယ်မရသေးဘူး။ ဟိုတယ်ကလည်း ဘာမှအကြောင်းမကြားဘူး။ ဒီနေ့ခင်းထိ ဖုန်းခေါ်လို့ရနေသေးတယ်။ ဖုန်းကို ချချပစ်တာ” ဟု ကိုကြည်ချမ်းငြိမ်းနှင့်နီးစပ်သည့် မိတ်ဆွေက မဇ္ဈိမကို ပြောသည်။
ကိုကြည်ချမ်းငြိမ်း အကောင့်ကို ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) မွန်းလွဲ ၂ နာရီခွဲအချိန်အထိ ဖုန်းဆက်သွယ်ခြင်း၊ စာပို့ခြင်း ပြုလုပ်၍ ရနေသေးပြီး တဖက်က ဖုန်းကိုင်စာပြန်ခြင်းမလုပ်ဘဲ နောက်ပိုင်းတွင် ၎င်းကို block လုပ်လိုက်ကြောင်း ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့တွင် ကျောက်ဆည်မှ မိသားစုဝင်များဖြစ်သည့် ဦးထွန်းနိုင်၊ ဇနီးဖြစ်သူ မကေသီအောင်၊ သားဖြစ်သူ မောင်ဟယ်ရီနိုင် နှင့် ၎င်းတို့၏ မိတ်ဆွေများဖြစ်သည့် မခင်နှင်းဝေ၊ မသင်းသင်းမြတ်၊ မောင်စိုင်းလင်းလတ်တို့ ခြောက်ဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခဲ့ပြီး တလခန့်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၉ ရက်နေ့တွင်လည်း ပုဂံ-ချောက်လမ်းမဘေး စေတနာကြီးဘုရားအနီးတွင် ရန်ကုန်မှ ဘုရားဖူးဧည့်သည် အမျိုးသားတဦး နှင့် ယာဉ်မောင်းတို့ကို လက်နက်ကိုင်လူတစုက ကျပ်သိန်း ၃,၀၀၀ ဖြင့် ပြန်ပေးဆွဲခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း ၁,၀၀၀ ဖြင့်ညှိနှိုင်းက ပြန်လည်လွတ်မြောက်လာခဲ့သည်။
အလားတူ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ဧရာဝတီတိုင်း မအူပင်မြို့ဇာတီ ဇနီးမောင်နှံနှစ်ဦး သည် ပုဂံမှ တည်းခိုသည့်ဟိုတယ်တွင် အိတ်များအပ်နှံကာ ပုပ္ပါးသို့သွားမည်ဟုဆိုကာ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးခဲ့ပြီး ရက်ပိုင်းအကြာတွင် ပြန်လည်အဆက်အသွယ်ရရှိခဲ့ကြောင်း ကာယကံရှင်နှင့်နီးစပ်သူက ပြောသည်။
“ပြန်တော့လွတ်လာပါပြီ။ တခြားတော့ အမတို့ဘာမှမပြောချင်တော့လို့လေ နားလည်ပေးပါနော်” ဟု ထို ဇနီး မောင်နှံနှင့် နီးစပ်သူက မဇ္ဈိမကို ပြောသည်။
ထို့ပြင် ညောင်ဦးမြို့အထွက် မြင်းခြံ-ပခုက္ကူကားလမ်းဘေးတွင်ရှိသည့် ပလင်းကမ်းသာယာဆင်စခန်းမှ လက် ထောက်မန်နေဂျာ၊ ဇနီး နှင့် ဆင်စခန်းမှ ဝန်ထမ်းအချို့လည်း ဒီဇင်ဘာလအတွင်း ပြန်ပေးဆွဲခံခဲ့ရပြီး ကျပ်သိန်း ၁,၀၀၀ ဖြင့် ပြန်ရွေးကာ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ထိုဖြစ်စဉ်ကြောင့် ဒီဇင်ဘာ ၂၇ ရက်နေ့မှစတင်ကာ ဆင်စခန်းကို ပိတ်ထားရကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ယခင်က ပုဂံ-ညောင်ဦး ဘုရားဖူးဧည့်သည်များသည် ပုဂံဘုရားဖူးပြီးပါက ပုပ္ပါးသို့ သွားရောက်လည်ပတ်လေ့ရှိသော်လည်း လက်ရှိတွင် ထိုလမ်းပိုင်းသည် လူပြတ်သဖြင့် သွားလာသူနည်းပါးကြောင်း ပုဂံမြို့ခံက ပြောသည်။
ပုဂံ-ပုပ္ပါး ကြားတွင်ရှိသည့် ဗျတ္တပန်းဆက်လမ်း နှင့် ထိုလမ်းမှသွားရသည့် ဆံရစ်ဝိုင်း များရှိသည့် စက်စက်ယိုကျေး ရွာတို့သည် ယခင်က ခရီးသွားများကြား ရေပန်းစားသော်လည်း နောက်ပိုင်းတွင် လမ်းခရီးအခြေအနေကြောင့် ထိုနေရာများကို သွားမည့်သူနည်းပါးလာကြောင်း သိရသည်။
ထို့ကြောင့် ပုဂံကို ခရီးသွားလည်ပတ်မည့်သူများအနေဖြင့် မြို့ပေါ်လည်ပတ်စရာနေရာများကိုသာ သွားလာကြရန်နှင့် မိမိ မရင်းနှီးသည့် နယ်မြေဒေသကို မသွားကြရန်လိုအပ်ကြောင်း မြို့ခံများက ပြောသည်။







