“စစ်ရှောင်တွေက အရမ်းကို အခက်အခဲ ဖြစ်နေတယ်။ သူတို့ကိုယ်တိုင် ရပ်တည်ဖို့က လုံးဝကို မဖြစ်နိုင်သေးတဲ့အနေအထားမှာ ရှိတယ်။ ” – နော်ဂျက် (လေးကေကော်လူငယ်ကွန်ရက်)
လေးနှစ်ကျော်ကြာ တိမ်းရှောင်နေကြရသည့် မြဝတီမြို့တောင်ပိုင်းရှိ လေးကေကော်ဒေသတွင်း စစ်ဘေး ရှောင်များ၏ လူမှုဘဝ နေထိုင်မှု၊ စားဝတ်နေရေးနှင့် ထောက်ပံ့ကူညီမှုအခြေအနေနှင့် ပတ်သက်၍ လေးကေကော်လူငယ်ကွန်ရက်အဖွဲ့မှ နော်ဂျက်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး – နှစ်ရှည် ထွက်ပြေးတိမ်းရှောင်နေရတဲ့ လေးကေကော်ဒေသ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နောက်ဆုံးအခြေအနေကို ပြောပြပေးပါဦး။
ကျမတို့ လေးကေကော်ဒေသမှာဆိုရင် စစ်ရှောင်နေထိုင်ရတာ (၄) နှစ်ကျော် (၅) နှစ်ထဲတောင် ရောက် သွားပြီပေါ့နော်။ ဒီ (၄) နှစ်ကျော်ကာလမှာ ပြည်သူတွေက အခက်အခဲများစွာကြားက ရှင်သန်ရတယ်။ စားဝတ် နေရေး၊ ကျန်းမာရေး၊ ကလေးတွေရဲ့ ပညာရေး အစစအရာရာ ကြုံတွေ့နေရတယ်။ အခုလက်ရှိမှာဆိုရင် အလှူရှင်တွေက အရင်ကလို မရှိတော့ဘူးဆိုတော့ အတော်ခက်ခဲလာတယ်။ သူတို့ကိုယ်တိုင် ရပ်တည်ဖို့က အလုပ်အကိုင်ဆိုတာကလည်း မရှိဘူး။
စစချင်း ပြေးလာတုန်းကတော့ တစ်ဦးတစ်ယောက် အလှူရှင်တွေ၊ အဖွဲ့အစည်းတွေကလည်း လာလှူပြီး ကူညီပေးတာတွေ ရှိတယ်။ အခုချိန်မှာတော့ အဖွဲ့အစည်းတချို့ လာပေမဲ့လည်း ကြာကြာမှ တစ်ခါပဲ၊ အဲဒီလိုမျိုးပဲ လာကြတော့တယ်။
မေး – လေးကေကော် စစ်ရှောင်တွေအတွက် စီစဉ်ပေးတဲ့ နေရာထိုင်ခင်း အခြေအနေကိုလည်း ပြောပြပေးပါဦး။
စစ်ရှောင်တွေက Camp (စခန်း) ထဲမှာ ရှိတယ်၊ တချို့ကတော့ စခန်းထဲမှာ လာနေမရဲတာလည်း ရှိနေတယ်။ နောက်ပြီးတော့ တချို့က ကမ်းနားမှာ တဲထိုးပြီး သွားနေတာတွေလည်း ရှိတယ်။ ဘာကြောင့် စစ်ရှောင် စခန်းထဲမှာ မနေရဲလဲဆိုတော့ စခန်းထဲမှာ လူကများတယ်။ အဲဒီမှာ ဘာကို ပြန်စိုးရိမ်နေကြရလဲဆိုတော့ ဒရုန်းတွေ လာပစ်မှာ ကြောက်တယ်။
နောက်ပြီး လက်နက်ကြီးတွေကလည်း တစ်ချိန်လုံးပဲ ကြားနေရတော့ လူများတဲ့ စစ်ရှောင်စခန်းထဲမှာ စစ်သွားရှောင်ရမှာတောင် ကြောက်နေကြရတယ်။ သက်ကြီးရွယ်အိုဆိုရင် သူတို့က ဒရုန်းအသံတွေ၊ လက် နက်ကြီးအသံတွေကြောင့် တချို့က စိတ်ရောဂါတွေပါ ရလာတယ်။ လေးကေကော်ဒေသမှာဆိုရင် လေးကေကော်၊ ရသေ့ဂူ၊ မယ်ဝါးခီး အပါအဝင် ကျေးရွာ (၇) ရွာလောက် ရှိတယ်၊ လုံးဝ ပြန်နေလို့ မရသေးဘူး။
မေး – အခုဆိုရင် အကူအညီတွေ နည်းလာတဲ့အပြင် အလုပ်အကိုင်ပါမရှိတဲ့အပေါ်မှာ သူတို့ စားဝတ်နေရေးအတွက် ဘယ်လို ဖြေရှင်းနေကြရလဲ။
ထောက်ပံ့မှု နည်းလာတဲ့အပေါ်မှာ သူတို့လည်း ရတဲ့ ရိက္ခာတွေနဲ့ ချွေတာရတယ်။ သူတို့လည်း နည်း လမ်းအမျိုးမျိုးရှာပြီး ကြံဖန်နေကြရတာပေါ့။ အရင်တုန်းကဆိုရင် ကျမတို့ ဒေသမှာက နယ်စပ်နဲ့နီးတော့ အလုပ်အကိုင်တွေက များတယ်။ အခုအချိန်မှာက အရောင်းအဝယ်လည်း လုပ်လို့ မရတော့ဘူး။ ပြောင်းစိုက် ခင်းတွေ၊ အခြားစိုက်ခင်းတွေကလည်း မရှိသလောက် ဖြစ်နေတယ်။ လူတိုင်းက စစ်ရှောင်နေရတော့ ဘယ်သူမှ စိုက်ပျိုးရေးခြံ ပြန်မလုပ်ရဲကြဘူး။ ခြံပြန်လုပ်ရင်လည်း မြေမြှုပ်မိုင်းတွေ၊ လက်နက်ကြီးတွေကို တစ်ဖက်က ကြောက်ရတယ်၊ အသက်နဲ့ရင်းပြီး လုပ်ကြရတော့ လူတွေက ပြန်မလုပ်ရဲတော့ဘူး။
အရင်တုန်းကဆိုရင် အိမ်တွေ တော်တော်များများ ဆောက်လာကြတော့ တချို့ဆို လက်သမား၊ ပန်းရံနဲ့ အသက် မွေးဝမ်းကျောင်း ပြုတယ်။ အခုက အဆောက်အအုံတွေ မဆောက်ကြတော့ ဆောက်လုပ်ရေးပိုင်းက လက်သမား၊ ပန်းရံသမားတွေဆိုရင် အလုပ်လက်မဲ့ ဖြစ်သွားရတယ်။ နောက်တစ်ခုက တစ်ဖက်နိုင်ငံကူးဖို့က အရင်လို မလွယ်တော့ဘူး။ နိုင်ငံရေးအခြေအနေကြောင့်ရော၊ နောက်ပြီး နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) တွေကြောင့် လုံခြုံရေး အရမ်းတင်းကျပ်တော့ စိုက်ခင်းတွေထဲမှာ ဝင်ထွက်အလုပ်သွားလုပ်ဖို့က လွယ်ကို မလွယ်တော့တာ။
မေး – စစ်ရှောင်စခန်းထဲက လူငယ်တွေရဲ့ လူမှုဘဝ နေထိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
ကျမတို့ လေးကေကော်ဒေသက လူငယ်အခြေအနေ ပြောရရင် တချို့က မိသားစု စားဝတ်နေရေး အခြေ အနေကြောင့် တစ်ဖက်နိုင်ငံထဲမှာ သွားရောက်အလုပ်လုပ်တာ ရှိတယ်။ တချို့ကတော့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေမှာ ဝင်လုပ်တာလည်း ရှိတယ်။ Camp ထဲမှာ ပြန်ပြီး ဝိုင်းကူညီပေးတာတွေလည်း ရှိတယ်။ စစ်ပြေးရှောင် လိုအပ်ချက်အပေါ်မှာ ပြန်ပြီး ဝိုင်းကူညီ လုပ်ဆောင်ပေးတာတွေ ရှိတယ်။ ဒါက က ကျမတို့ လက်လှမ်းမီတဲ့သူတွေပေါ့။
တချို့ကတော့ ကျားဖြန့် လုပ်ငန်းခွင်တွေထဲမှာ သန့်ရှင်းရေးအပိုင်း သွားရောက်လုပ်ကိုင်တာတွေ ရှိတယ်။ နောက်ပိုင်း ကျားဖြန့်ဆိုက် (Site) တွေ ဝင်ရောက်စီးနင်းခံရတော့ တချို့က စခန်းထဲက သူတို့မိသားစုနဲ့ ပြန်လာနေကြရတာ ရှိတယ်။ နောက်တစ်ခုက စခန်းထဲမှာ လူငယ်တွေက တချို့က အသိပညာ ဗဟုသုတ သိပ်မရှိတော့ အိမ်ထောင်စောစောကျသွားတာတွေ ရှိတယ်။ ဒါကတော့ လူငယ်အခြေအနေဘက်က ပြောတာပေါ့နော်။
မေး – အခုဆို တိုက်ပွဲတွေလည်း တကျော့ပြန် ပြန်ပြင်းထန်လာတဲ့အတွက် စစ်ရှောင်အရေအတွက် တိုးလာတာမျိုး ရှိလား။ ပြီးတော့ သူတို့အတွက် လိုအပ်တဲ့ အကူအညီတွေက ဘာတွေဖြစ်မလဲ။
စစ်တပ်က အာရှလမ်း ပြန်ထိုးဖောက်လာတဲ့ အချိန်ကတည်းကစပြီး စစ်ရှောင် ပြန်တိုးလာတယ်။ အခုဆိုရင်လည်း ဖလူးမှာ တိုက်ပွဲတွေ ဖြစ်လာတော့ စစ်ရှောင်တွေကလည်း ပိုများလာတယ်။ စစ်ရှောင်နေရတဲ့ အိမ်ထောင်စုက တစ်ထောင်လောက် ရှိတယ်။
နောက် စစ်ရှောင်စခန်းမှာက နှစ်ပေါင်းကြာလာတော့ အိမ်သာအခက်အခဲ၊ ရေအခက်အခဲ၊ ပြီးတော့ အဆောက်အအုံ လုံခြုံမှု အခက်အခဲတွေ များလာတယ်။ နွေပိုင်းဆို နေအရမ်းပူတော့ စခန်းထဲက အဆောက်အအုံတွေကလည်း တာလပတ်နဲ့ဆိုတော့ အပူဒဏ် တော်တော်ခံစားရတယ်။ ရေလုံ လောက်မှု မရှိတော့ ရေသွယ်ပေးရတယ်။ ရေလုံလောက်မှု မရှိတော့ တစ်ကိုယ်ရေကျန်း မာရေးကိုလည်း ပြန်ထိခိုက်နေတာ ရှိတယ်။ စစ်ရှောင်အိမ်ထောင်စုက ထောင်ဂဏန်းလောက် ရှိတော့ အဆောက်အအုံ မလုံလောက်တာတွေလည်း ရှိတယ်။
အခုဆိုရင် အဆောက်အအုံတွေ ပြန်ပြင်ရမယ်၊ အကူအညီမရှိတော့ သူတို့တွေ အခက်တွေ့နေရတယ်။ မိုးရာသီပိုင်းမှာ ဆိုတော့လည်း ရေကြီးတဲ့ ပြဿနာ ကြုံရတယ်။ သောင်ရင်းမြစ်ဘေးမှာ သွားနေတဲ့ လူတွေက မိုးရာသီအတွက်ဆိုရင် အခက်အခဲ ဖြစ်တယ်။ မိုးရာသီက ဘာမှ လုပ်ကိုင်စားသောက်လို့ မရတော့ နွေရာသီထက် ရိက္ခာပိုလိုအပ်တယ်။
အကူအညီ နည်းလာတော့ အဖွဲ့အစည်းတွေ လာပြီး ကူညီပေးစေချင်တယ်။ စစ်ရှောင်လူထုတွေက အရမ်းသနားဖို့ကောင်းတယ်၊ အရမ်းကို အခက်အခဲ ဖြစ်နေတယ်။ အခုချိန်မှာ သူတို့ကိုယ်တိုင် ရပ်တည်ဖို့က လုံးဝကို မဖြစ်နိုင်သေးတဲ့ အနေအထားမှာ ရှိတယ်။
မေး – စစ်ရှောင်တွေအတွက် ဘာများ ဖြည့်စွက်ပြောချင်လဲ။
ကျမကိုယ်တိုင်ကလည်း စစ်ရှောင်တစ်ဦး ဖြစ်တယ်။ ဒီစစ်ရဲ့ ဆိုးကျိုးကို မခံစားချင်တော့ဘူး။ တိုက်ပွဲနဲ့ အမြဲ ကြုံတွေ့ရတော့ လူငယ်တွေက အနာဂတ်မဲ့နေရတယ်။ သူတို့ ဖြစ်ချင်တာ ဖြစ်ခွင့်မရတော့ဘူး။ သူများနဲ့ တန်းတူ လိုက်နိုင်ဖို့က မလွယ်ဘူး။ မိသားစု စားဝတ်နေရေးအတွက် ကြုံရာလုပ်ရတယ်။ ကျောင်းတက်ဖို့က ကျောင်းတွေက ပုံမှန်မရှိဘူး၊ ပညာရေး တစ်ပိုင်းတစ်စနဲ့ သွားနေရတယ်။ လူငယ်တွေက အလုပ်အကိုင် မရှိဘူးဆိုတော့ စခန်းထဲမှာ မိသားစုနဲ့ပဲ ကပ်နေရတာ ရှိတယ်။ အရင်က ဖွံ့ဖြိုးလာတဲ့ ကိုယ့်ဒေသကို ပြန်မြင်ချင်တယ်။ မျိုးဆက်သစ် တစ်ဆက်ပြီးတစ်ဆက် ဒီလို စစ်ဒဏ်တွေကို မကြုံတွေ့စေချင်တော့ဘူး။







