မိုင်းနှင့်စစ်ကျန်လက်နက်ကြောင့် ထိခိုက်သေဆုံးသူအများဆုံး ကမ္ဘာ့နိုင်ငံများစာရင်းတွင် မြန်မာက ထိပ်ဆုံးဖြစ်

မိုင်းနှင့်စစ်ကျန်လက်နက်ကြောင့် ထိခိုက်သေဆုံးသူအများဆုံး ကမ္ဘာ့နိုင်ငံများစာရင်းတွင် မြန်မာက ထိပ်ဆုံးဖြစ်
Photo: KHRG
Photo: KHRG

မိုင်းနှင့်ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးသူအများဆုံး ကမ္ဘာ့(၁၁)နိုင်ငံစာရင်းတွင် ထိခိုက်သေဆုံးသူ (၂,၀၀၀)ကျော်ဖြင့် မြန်မာနိုင်ငံက ထိပ်ဆုံးမှရပ်တည်နေကြောင်း မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့-Landmine Monitor ၏ ၂၀၂၅၊ ဒီဇင်ဘာလထုတ် မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာအရ သိရသည်။

အထူးသဖြင့် ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတွင် မိုင်းကြောင့်ထိခိုက်သေဆုံးသူ သိသိသာ သာပိုများလာပြီး ၂၀၂၃ ခုနှစ်တွင် (၁,၀၀၃)ဦး၊ ၂၀၂၄ ခုနှစ်တွင် (၂,၀၂၉)ဦးအထိ တိုးမြှင့်သွားသည်။ စစ်ပွဲဖြစ်ပွားနေသည့် ဆီးရီယား၊ အာဖဂန်နစ်စတန်၊ ယူကရိန်းနိုင်ငံတို့ကိုကျော်လွန်၍ မြန်မာက နှစ်နှစ်ဆက်တိုက် ထိခိုက်သေဆုံးသူများခဲ့ပြီး ၈၆ ရာခိုင်နှုန်းက အရပ်သားများဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

မိုင်းနှင့်စစ်လက်နက်ကြောင့် သေဆုံးသူ ၇၀ ရာခိုင်နှုန်းက အရွယ်ရောက်ပြီးအမျိုးသားများဖြစ်၍ ကျန်ရှိသူမှာ အရွယ်ရောက်ပြီးအမျိုးသမီးနှင့်ကလေးသူငယ်များ ဖြစ်ကြောင်း Landmine Monitor က ပြောသည်။ ထို့အပြင် နှစ်အလိုက် ထိခိုက်မှုအများဆုံးနယ်မြေစာရင်းအရ ရှမ်းပြည်နယ်ကပထမဖြစ်ပြီး ယင်းနောက်မှ စစ်ကိုင်း၊ မကွေး၊ ရခိုင်နှင့် ပဲခူးတိုင်းဒေသကြီးတို့ ပါဝင်သည်ဟု သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်ဝက်မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း လူသတ်မိုင်းများကို မြန်မာစစ်အုပ်စုအပြင် လက်နက်ကိုင်အဖွဲ့အစည်းများလည်း အသုံးပြုကြကြောင်း အစီရင်ခံစာကဖော်ပြသည်။

မိုင်းကြောင့်အရပ်သားထိခိုက်သေဆုံးမှုမှကာကွယ်ရန် မိုင်းဘေးအန္တရာယ် အသိပညာပေးအပြင် စစ်အုပ်စုနှင့်လက်နက်ကိုင်အသီးသီးထံ မိုင်းမထောင်ရန်တိုက်တွန်းရမည်ဟုလည်း အစီရင်ခံစာကို အသေးစိတ်ရှင်းလင်းသည့် ယနေ့(ဖေဖော်ဝါရီ ၂၆ရက်) သတင်းစာရှင်းလင်းပွဲတွင် Landmine Monitor က ဆိုသည်။

၎င်းတို့အနေဖြင့်မူ မိုင်းအန္တရာယ်ကင်းရှင်းရေးဇုန် သတ်မှတ်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့ထံ အဆိုပြုခဲ့ဖူးကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကရင်ဒေသမှာ ကရင်ခေါင်းဆောင်တွေနဲ့စကားပြောခဲ့ဖူးတာရှိတယ် ဥပမာ-စိတ်ချလက်ချ သွားလာလို့ရတယ်ဆိုတဲ့ နေရာမျိုးသက်မှတ်ကြဖို့ အဆိုပြုခဲ့တာရှိတယ်။ Mine Free Zone လိုမျိုးပေါ့။ ဘယ်စစ်ပွဲထဲမှမပါဘဲ မိုင်းလုံးဝမထောင်ကြဘူးဆိုတဲ့‌နေရာမျိုး သတ်မှတ်နိုင်ရင်တော့အကောင်းဆုံးပါပဲ။” ဟု အဖွဲ့တာဝန်ရှိသူက ကေအိုင်စီ၏ မေးမြန်းချက်ကို ဖြေကြားသည်။

စစ်အုပ်စု၏လူသတ်မိုင်းအသုံးပြုမှုသည် အာဏာသိမ်းပြီးနောက်ပိုင်းမှ ပိုမိုများပြားလာခြင်းဖြစ်ပြီး မိုဘုန်းဖုန်းတာဝါတိုင်များ၊ သယံဇာတတူးဖော်ရေးနှင့်စွမ်းအင်ပိုက်လိုင်းလို နေရာများတွင်ပါ မိုင်းထောင်မှုရှိကြောင်း Landmine Monitor က မှတ်တမ်းပြုစုထားသည်။

ထို့မျှမက စစ်အုပ်စု စစ်ဆေးရေးဂိတ်များ၊ ကင်းစခန်းများတွင် မိုင်းထိခြင်းအပါအဝင် မိုင်းဘေးသင့်ဒေသများ၌ ဒေသခံများကိုလူသားဒိုင်းလုပ်ခိုင်းခြင်းတို့ကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်းလည်း မှတ်တမ်းအရသိရသည်။

၂၀၂၄ ခုနှစ်ဝက်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ အခြားလက်နက်ကိုင်အဖွဲ့အစည်းများ ထောင်ထားသော လူသတ်မိုင်းများကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင်အပါအဝင် ဒေသခံထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

Landmine Monitor က စောင့်ကြည့်အစီရင်ခံလာသည့် ၁၉၉၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ မြန်မာနိုင်ငံတွင် မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကျန်များကြောင့် လူဦးရေ (၉,၀၀၀)ကျော်သေဆုံးခဲ့ရသည်။ ထို့အတူ ၂၀၂၂ ခုနှစ်မှစတင်ပြီး ထပ်ဆင့်ပေါက်ကွဲစေတတ်သောလက်နက် (Cluster Bomb) အထိ စစ်အုပ်စုက အသုံးပြုခဲ့ကြောင်းလည်း အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်။

July 21, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်အတွင်း ပြုလုပ်နေသည့် ငြိမ်းချမ်းရေး...
July 17, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ရှိ သေ့ဘောဘိုး‌ကျေးရွာတွင် ယခုနှစ် ပြောင်းစိုက်ပျိုးသည့် ဧရိယာ များ...
July 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်း တိုက်ပွဲနယ်မြေအတွင်းသို့ ကျွံဝင်သွားသည့် ဆယ်ကျော်သက် ကလေးငယ်...
July 16, 2026
စစ်တပ်အနေဖြင့် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုများအားလုံး ကို...