သူနာပြုမျိုးဆက်သစ်တွေ ဆက်လက်မွေးထုတ်မယ်လို့ ရွေးကောက်ခံ KNA ဥက္ကဋ္ဌဆို

သူနာပြုမျိုးဆက်သစ်တွေ ဆက်လက်မွေးထုတ်မယ်လို့ ရွေးကောက်ခံ KNA ဥက္ကဋ္ဌဆို
ကန္တာရဝတီတိုင်း ( မ် )
ကန္တာရဝတီတိုင်း ( မ် )

ကရင်နီသူနာပြုများ အစည်းအရုံး (Karenni Nurses Association - KNA) ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခြင်းခံရတဲ့ ဆရာမ အဲမလီ က သူနာပြုမျိုးဆက်သစ်တွေ ဆက်လက်မွေးထုတ်ပြီး လူထုကျန်းမာရေးဝန်ဆောင်မှုကို ပိုမိုလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ရက်နေ့က ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်တနေရာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ KNA ရဲ့ ရွေးကောက်ပွဲ နဲ့ ညီလာခံအခမ်းအနားကနေ ဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်ခဲ့သလို ၃ နှစ်သက်တမ်းဗဟိုအလုပ်မှုဆောင်ကော်မတီကိုလည်း ရွေးချယ်ခဲ့ကြပါတယ်။

"အဓိကကတော့ ကျနော်တို့က CDM အင်အားစုကလာတော့ ကျနော်တို့ရဲ့သူနာပြုမျိုးဆက်တွေ ဆက်ပြီးမွေးထုတ်ဖို့ရှိမယ်။ အခက်ခဲတွေတော့များမယ် ဒါပေမယ့် လက်ရှိကျနော်တို့ ဘယ်လိုပဲဖြစ်ဖြစ် ဒီရွေးကောက်ပွဲတစ်ခုလဲ လုပ်ပြီးသွားပြီဆိုတော့ လူငယ်ခေါင်းဆောင် အသစ်တွေပေါ်လာပြီဆိုတော့ သူတို့ရဲ့အားနဲ့ တူတူပဲ လာမယ့် (၃)နှစ်မှာလည်း ပိုပြီးတော့ အင်အားကောင်းတဲ့ အရင်းမြစ်မွေးထုတ်ထားတယ်။ နောက်ပြီးတော့ ကျနော်တို့ရဲ့ ဆေးခန်းတွေလဲ ဝန်ဆောင်မှုပေးနေတော့ အဲ့ဒီ ဝန်ဆောင်မှုအပိုင်းတွေကိုလည်း ပိုပြီးတော့ စနစ်ကျပြီးကျစ်လစ်တဲ့ ဆေးခန်းတွေဖြစ်အောင်ပေါ့။ အထူးသဖြင့်ကတော့ ပြည်သူတွေပါဝင်တဲ့ပုံစံပေါ့နော်။ပြည်သူတွေဦးဆောင်တဲ့ ဒါကလဲ မူတွေမှာရှိတယ်ပေါ့နော်။ကျနော်တို့အဲ့ဒါတွေကို ဆက်ပြီး အကောင်ထည်ဖော်ဖို့ရှိလိမ့်မယ်" လို့ KNA ဥက္ကဋ္ဌဆရာမ အဲမလီက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုတွေရှိသလို ကရင်နီသူနာပြုတွေကို အသိမှတ်ပြုလက်ခံလာအောင် ဆက်လက်ကြိုးစားသွားမယ်လို့ သူက ဆက်ပြောပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ KNA ကို အဖွဲ့အစည်းခိုင်မာရေးနဲ့ အနာဂတ်ခေါင်းဆောင်မှု တိုးတက်စေဖို့ ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပတာဖြစ်ပါတယ်။

“ ပွင့်လင်းပြောရရင် ကျနော်တို့ အသစ်အသစ်သော ခေါင်းဆောင်တွေကို မြင်ချင်တယ်ပေါ့နော်။မျိုးဆက်သစ်တွေကိုလည်း နေရာပေးချင်တယ်။နောက် လူငယ်တွေပဲဖြစ်ဖြစ် ကျနော်တို့ သူနာပြု မျိုးဆက်အနာဂတ်တွေပဲဖြစ်ဖြစ် တာဝန်ယူလိုစိတ် တာဝန်ခံလိုစိတ်ပေါ့နော်။ နောက်ပြီး ပွင့်လင်းမြင်သာတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲတခုလဲ ဖြစ်စေချင်တယ်။ အဲ့ကြောင့်လည်း အများကြီး ကျနော်တို့ ဒီလေးနှစ်မှာ capacity (စွမ်းရည်) ဖြည့်ပြီးတော့မှာ Ready (အဆင်သင့်) တအားမဖြစ်ခဲ့ရင်တောင်မှ စိတ်ချရတဲ့ အနေထားတခုကို ရောက်ပြီဆိုတဲ့အတွက်လည်း ဒီရွေးကောက်ပွဲကို စိန်ခေါ်မှု အများကြီးနဲ့ ဒါကြီးကို ကျနော်တို့ လုပ်ခဲ့တာပေါ့နော်" လို့ ဆရာမ အဲမလီက ဆက်ပြောပါတယ်။

KNA အနေနဲ့ ကရင်နီသူနာပြုတက္ကသိုလ်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပြီး လူငယ်မျိုးဆက်သစ်တွေကိုလည်း မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကရင်နီပြည်က မြို့နယ် (၉)မြို့နယ်မှာရှိတဲ့ ဆေးခန်း (၄၅)လုံးတွေမှာ တခြားသော ကျန်းမာရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲနဲ့ ညီလာခံအခမ်းအနားကို ကရင်နီပြည်က မြို့နယ်အသီးသီးမှာရှိတဲ့ KNA သူနာပြုတွေ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပြီး မြေပြင် နဲ့ အွန်လိုင်း စနစ်ပါ ပြုလုပ်သွားခဲ့ပါတယ်။

Most read this week

February 26, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ် နဲ့ မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားတဲ့ ဖားဆောင်း ( သံလွင် )...
ကရင်နီပြည်ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ် နဲ့ မိုလိုချောင်းကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် ) )
February 25, 2026
အာဆင်းနစ်အဆိပ်သင့်နေတဲ့ ကရင်နီပြည်က သံလွင်မြစ်နဲ့ မိုလိုချောင်းက ရေတွေကို...
February 24, 2026
ကရင်နီပြည်ကြားကာလတရားစီရင်ရေးရဲ့တရားရုံးမှာ ၂၀၂၅ ခုနှစ် တနှစ်အတွင်း စွဲဆိုတင်ပို့လာတဲ့...
February 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းက ကျေးရွာတရွာမှာ ကယန်းလူမျိုးစုတို့ရဲ့ "ထို"...