စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို
အာရက္ခဒေသ၊ အိမ်နီးနားချင်းနှင့် မြန်မာနိုင်ငံအနှံ့မှ ချင်းညီအစ်ကိုများအနေဖြင့် မိမိတို့အချင်းချင်းအကြားတွင် “ချင်း” နှင့် “ရက္ခိုင်” လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တစ်ခု ရေးထိုးကြရန် ချင်းအမျိုးသားနေ့မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းသည်။
ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျရောက်သည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) က ပေးပို့အပ်သော သဝဏ်လွှာတွင် ယင်းကဲ့သို့ ထည့်သွင်း တိုက်တွန်းထားခြင်းဖြစ်သည်။
ယမန်နေ့က ကျရောက်သော ချင်းအမျိုးသားနေ့မှသည့် ချင်းလူမျိုး၊ ချင်းမျိုးနွယ်စုများအနေဖြင့် အမျိုးသား တန်းတူရေးနှင့်အတူ အာရက္ခတိုင်းပြည် တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကဏ္ဍများတွင် အတူတကွ ပါဝင် တည်ဆောက်သွားကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားသည်။
အာရက္ခဒေသ၊ အိမ်နီးနားချင်းနှင့် မြန်မာနိုင်ငံအနှံ့မှ ချင်းညီအစ်ကိုများအနေဖြင့် မိမိတို့ အချင်းချင်းအကြား ရရှိပြီးသား ချစ်ခင်မှု၊ နားလည်မှု၊ ယုံကြည်မှု၊ စည်လုံးညီညွတ်မှုများကို တန်ဖိုးထားပြီး ချင်းနဲ့ ရက္ခိုင်လူမျိုး နှစ်မျိုးအကြား သမိုင်းသစ်တစ်ခု ရေးထိုးကြရန်လည်း တိုက်တွန်းကြောင်း ULA က ထုတ်ပြန်သည်။
အာရက္ခဒေသအတွင်းနှင့် အပြင်ဖက်တွင် နေထိုင်ကြသော ချင်းလူမျိုးအပါအဝင် အခြားသော မျိုးနွယ်စု၊ လူမျိုးများသည် နှစ်ပေါင်းများစွာကပင် ဤဒေသနှင့်အတူ ရှည်လျားသော သမိုင်းကြောင်း၊ ပြောင်းလဲ၍ မရသော ပထဝီကြော တည်ရှိမှုအနေအထားအောက်တွင် အတူတကွ မှီတင်းနေထိုင်ခဲ့ကြသော “အာရက္ခညီအစ်ကို မောင်နှမရင်းချာများ” နှင့် “အိမ်နီးနားချင်း ညီအစ်ကိုမောင်နှမများ” ပင်ဖြစ်သည်ဟု ထုတ်ပြန်သည်။
သို့သော် မိမိတို့ လူမျိုးနှစ်မျိုးအပါအဝင် အခြားသောလူမျိုး၊ မျိုးနွယ်စုများသည် စစ်အာဏာရှင် အစိုးရအသီးသီး၏ စနစ်တကျ သွေးခွဲအုပ်ချုပ်မှုအောက်တွင် တစ်မြေတည်းထဲမှာ အိမ်နီးနားချင် အတူယှဉ်တွဲနေထိုင်ကြရသော်လည်း ညီအစ်ကို မောင်နှမစိတ်ဓါတ်များ ပျောက်ကွယ်ခဲ့ရပြီး လူမျိုးနှစ်ခုအကြား နှစ်ဖက်ဆံဆက်ရေး အေးခဲကာ ရန်သူ့အလိုကျ ဖြစ်နေခဲ့ရသည်ဟု ULA က ထုတ်ပြန်သည်။
အာရက္ခတပ်တော် (AA) ၏ စစ်ဆင်ရေး ရလဒ်များ၊ အောင်မြင်မှု အသီးအပွင့်များသည် အာရက္ခဒေသ အတွင်း၊ အပြင်နှင့် အိမ်နီးနားချင်းရှိ လူမျိုးပေါင်းစုံ အသီးသီးတို့အနေဖြင့် စစ်အာဏာရှင်စနစ်အရိပ်အောက်မှ လွတ်မြောက်မှုနှင့်အတူ လွပ်လပ်သော ဒေသ၊ လွတ်လပ်သော လူမျိုးများအဖြစ်သို့ ရောက်ရှိလာပြီဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
လက်ရှိရရှိထားပြီးသော လွတ်လပ်မှုများ ပြန်လည်မဆုံးရှုံးသွားစေရန် မိမိတို့ အားလုံးတွင် တာဝန်ရှိကြသည်ဟူသော အသိတရားများနှင့်အတူ အားလုံးက စုပေါင်းကာကွယ်ကြရမည်ဟု ULA က အသိပေးထုတ်ပြန်သည်။
အာရက္ခဒေသတွင် လူမျိုးအသီးသီး၏ စာပေ၊ ရိုးရာယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာစကား၊ အမျိုးသားရေးဆိုင်ရာ လက္ခဏာရပ်များအပေါ် တန်ဖိုးထားပြီး လူမျိုးအသီးသီး၏ အမျိုးသားနေ့ဆိုင်ရာပွဲများ၊ ရိုးရာပွဲလမ်းသဘင်များကို စစ်ဘက်ဆိုင်ရာ လုံခြုံရေးအခြေအနေများအပေါ် မူတည်၍ ကျင်းပခွင့်ပြုထားသည်ဟု သိရသည်။
ရခိုင်ပြည်နယ်က ဒေသအချို့တွင် ချင်းမျိုးနွယ်စုများ နေထိုင်ကြပြီး ချင်းအမျိုးသားနေ့အခမ်းအနားများကို ကျင်းပသကဲ့သို့၊ ULA/ AA သိမ်းပိုက်ထိန်းချုပ်ထားသော ချင်းတောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင်လည်း ယမန်နေ့က ချင်းအမျိုးသားနေ့များ ကျင်းပခဲ့ကြောင်း သိရသည်။







