ရခိုင်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုနှုန်း မြင့်တက်လာ

ရခိုင်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုနှုန်း မြင့်တက်လာ
တောတောင်ကိုအမှီပြုလုပ်ကိုင်စားသောက်နေကြရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေး ရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။
တောတောင်ကိုအမှီပြုလုပ်ကိုင်စားသောက်နေကြရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေး ရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။

စစ်ရေးပဋိပက္ခဖြစ်ပွားနေသော ရခိုင်ဒေသတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို ဒေသခံများမှာ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကာ ထိခိုက်သေဆုံးမှုမှာလည်း မြင့်တက်လျက်ရှိနေသည်။

ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၁၆ ရက်ထိ မင်းပြား၊ မောင်တော၊ အမ်းမြို့နယ်တို့တွင် မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှု (၅) ကြိမ်ရှိနေပြီး ထိုဖြစ်စဉ်အတွင်း သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရရှိသူ ၄ ဦးထိရှိသည်ဟု DMG ၏ စာရင်းအရ သိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်များမှာ တောတောင်အနီး သွားလာလှုပ်ရှားရာမှ မိုင်းနင်းမိခြင်းတို့ကြောင့် ဖြစ်ပြီး ထိခိုက်သေဆုံးမှုထဲတွင် ကလေးငယ်များလည်း ပါဝင်သည်။

လက်ရှိ အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြား ဒေသခံများမှာ စားဝတ်နေရေးအတွက် တောတောင်ကို အမှီပြုကာ ရှာဖွေစားသောက်ရာမှ မိုင်းအန္တရာယ်ကို ကြုံတွေ့နေရခြင်းဖြစ်သည်။

“စစ်ကောင်စီတပ်တွေက တောင်ပေါ်တွေမှာ နေခဲ့ကြတာ များပါတယ်။ ကျနော်တို့က တောင်ပေါ်တွေမှာ ထင်းခုတ်ဖို့ သွားကြရတော့ စိုးရိမ်မှုတွေ ရှိပါတယ်။ ဒါအပြင် ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အလုပ်အကိုင်တွေက မရှိတော့ မိုင်းအန္တရာယ်စိုးရိမ်မှု ရှိပေမယ့်လည်း တောတောင်တွေကို အမှီပြုလုပ်ရပါတယ်။ ကျန်တဲ့ အလုပ်အကိုင်မှ မရှိတာ” ဟု ကျောက်တော်မြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တစ်ဖက်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ထိခိုက်ခဲ့ရသူ အများစုမှာ မိသားစု စားဝတ်နေရေး အတွက် ဦးစီးနေသူများဖြစ်ပြီး ထိုသို့ ထိခိုက်သွားသဖြင့် နောက်ကွယ်က မိသားစုအပေါ် ရိုက်ခတ်မှု များစွာရှိနေသည်။

အာရက္ခတပ်တော်က ထိန်းချုပ်နယ်မြေအတွင်း မိုင်းရှင်းလင်းရေးများ လုပ်ဆောင်မှု ရှိနေသော်လည်း နေရာအနှံ့လုပ်ဆောင်ရန် အခက်အခဲများ ရှိနေသည်ကိုလည်း တွေ့ရသည်။

ယင်းအပြင် အာရက္ခတပ်တော်အပြင် ဒေသတွင်းလူမှုအဖွဲ့အစည်းများက မိုင်းနှင့် အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း နည်းပါးနေသေး၍ ယခုထက်ပို ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့်ကြောင်း ထောက်ပြမှုများရှိနေသည်။

တစ်ဖက်မှာ ဝမ်းရေးကြောင့် ထိုအရာများကို လိုက်နာရန် အခက်အခဲများ ရှိနေကြသည်။

“မိုင်းနဲ့ စစ်ကျန်ပစ္စည်းပေါက်ကွဲမှု အသိပညာပေးလုပ်တာလေးတွေတော့ ရှိတယ်။ ဒါပေမဲ့လည်း ငွေကြေး အခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဝေးလှံတဲ့ နေရာတွေမှာတော့ အသိပညာပေး လုပ်ငန်းတွေ လုပ်ကြတာနည်းတယ်လို့ မြင်မိပါတယ်။ အခုဆိုရင် မြေမြုပ်မိုင်းနဲ့ စစ်ကျန်းလက်နက်ပေါက်ကွဲတာတွေကလည်း ဝေးလှံတဲ့နေရာတွေမှာ ပေါက်ကွဲတာတွေ အများအပြားရှိတယ်။ နယ်ဘက်တွေကို ပိုမိုအသိပညာပေးလုပ်ငန်းစဉ်တွေ လုပ်သင့်တယ်” ဟု ရခိုင်တွင် မိုင်းအသိပညာပေးလုပ်ငန်း ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲမှာ နေရာအနှံ့ဖြစ်ပွားခဲ့သဖြင့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်မှာ ဒေသခံများအတွက် ဆက်လက်ရင်ဆိုင်နေကြရပြီး စိန်ခေါ်မှုကြီးတစ်ခုဖြစ်သည်။

ယင်းကြောင့် ထိခိုက် သေဆုံးမှုနှုန်း လျော့နည်းအောင် ဆောက်ရွက်ရေးမှာ အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်လည်း ဖြစ်နေသည်။

Most read this week

အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...
March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...
March 27, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ-၁၆ စစ်ဆင်ရေးကို အာရက္ခတပ်တော် (AA) နှင့်အတူ BPLA တပ်ပါ...
အမ်း - ပဒါန်းလမ်းပိုင်းတွင် ပျက်စီးနေသော စစ်ကောင်စီ ယာဉ်အား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - Myanmar Now
March 26, 2026
မကွေး - ရခိုင်အစပ် အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်အင်အား၊ လက်နက်ခဲယမ်း...