မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့က အမျိုးသမီးအရေး အရှိန်မြှင့်ဆောင်ရွက်မည်

မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့က အမျိုးသမီးအရေး အရှိန်မြှင့်ဆောင်ရွက်မည်

မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့  Central Mon Women Organization  မှ ခရိုင်အဆင့် အမြင်ဖလှယ်ဆွေးနွေးပွဲ (Woman exchange) တစ်ခုကို ပြုလုပ်ခဲ့ပြီး အမျိုးသမီးအရေးဆိုင်ရာကိစ္စများကိုလည်း အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ဖေဖော်ဝါရီ ၈ ရက်နေ့က မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့  Central Mon Woman’s Organization ၏ အတွင်းရေးမှုးမှ ဦးဆောင်၍ ရေဖြူမြို့နယ်၊ ရေးမြို့နယ် မြောက်ပိုင်း၊ တောင်ပိုင်းအတွင်းရှိ  ရပ်ကျေးအဆင့် မွန်အမျိုးသမီးအဖွဲ့၊ မွန်အမျိုးသားကျောင်းမှ ဆရာမများ၊ မွန်လူငယ်များ၊ မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာနမှ အပါအဝင် စုစုပေါင်း ၆၀ ဦးထက်မနည်း တွေ့ဆုံခဲ့သည်။

ပဋိပက္ခကြောင့် အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရသည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့ CMWO မှ လှုပ်ရှားမှုအားနည်းနေသည့် နေရာဒေသများအတွက် လိုအပ်သည်များ ဆောင်ရွက်နိုင်ရန် ဦးစားပေး ဆွေးနွေးခဲ့သည်ဟု  CMWO မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ရေးမြောက်ပိုင်းဒေသမှာဆိုရင် အဖွဲ့ကနှစ်ပိုင်းဖြစ်နေတယ်၊ ကားလမ်းမ၊ အရှေ့နဲ့အနောက်ဘက်ပေါ့။ ခေါဇာဘက်မှာဆို မတည်ငြိမ်ဖြစ်နေတော့ ပူးပေါင်းလှုပ်ရှားဖို့ ခက်နေတယ်။ အဲ့ဒါကို ပူးပေါင်းပြီးအဖွဲ့တစ်ခု ပြန်ဖွင့်ပေးဖို့ပဲ။ တိုက်ပွဲဖြစ်နေတာမျိုးဆို အမျိုးသမီးတွေ စစ်ရှောင်ရတယ်၊ အဖွဲ့ရောနှော လှုပ်ရှားတဲ့ နယ်မြေဖြစ်နေတော့ ကျေးရွာအုပ်ချုပ်ရေးမှူးလည်း မပူးပေါင်းရဲတာမျိုးတွေရှိတယ် ” ဟုပြောသည်။

အဖွဲ့အစည်း ပြန်လည်ရှင်သန်ခိုင်မာစေရေးနှင့် ချိတ်ဆက်မှုအားကောင်းစေရေး အမျိုးသမီး စွမ်းဆောင်ရည်မြှင့် သင်တန်းများ၊ သွားလာရန်ခက်ခဲသည့်ဒေသများသို့ အွန်လိုင်းဖြင့် ဆက်သွယ်တွေ့ဆုံနိုင်မည့် နည်းလမ်းဖြင့် လုပ်ဆောင်သွားမည်ဟု ဆက်ပြောသည်။

ယခင်က ဗဟိုအဆင့် တာဝန်ရှိသူများအနေဖြင့် ရပ်ကျေးအဆင့် အဖွဲ့တာဝန်ရှိသူများထံ ပူပေါင်းဆောင်ရွက်မှုအားနည်းခဲ့သဖြင့် ပဋိပက္ခနှင့် လုံခြုံရေးဆိုင်ရာကိစ္စများ ကူညီဖြေရှင်းရန် လက်လှမ်းမမှီခဲ့သည့်အပြင် အမျိုးသမီးများ အဖွဲ့အစည်းအကြောင်း သိရှိသူ နည်းပါသွားသည်ဟု ဆိုသည်။

ရပ်ကျေးအဆင့်မွန်အမျိုးသမီးအဖွဲ့ဝင်တစ်ဦးက “ တာဝန်ရှိသူတွေလာတွေ့ဖို့ကခက်တာလာမသိဘူး တစ်နှစ်လောက်မှ ကျေးရွာတာဝန်ခံတွေကို၊ မြို့နယ် တာဝန်ရှိသူတွေလာတွေ့ကြရတယ် အရင်ကဆို သုံးလတစ်ခါလောက်ဆုံကြရတယ်၊ အထက်ကသူတွေ လက်လှမ်းမမှီမှုတွေရှိတဲ့အခါကျ စိန်ခေါ်မှုတွေ လည်းများပါတယ်” ဟု IMNA သို့ ပြောသည်။

လက်ရှိတွင် မွန်ပြည်သစ်ပါတီနယ်မြေအတွင်းရှိ မြို့နယ်၊ ကျေးရွာများအပြင် ထိန်းချုပ်နယ်မြေအတွင်း မဟုတ်သည့် နေရာဒေသများတွင်လည်း မွန်အမျိုးသမီးများ ဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့ CMWO သည် အမျိုးသမီးအရေးနှင့်ပတ်သတ်သည့် ကိစ္စများ၊ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုစွမ်းရည်မြှင့်တင်ရန်၊ ဆုံးဖြတ်ချက်နှင့် ခေါင်းဆောင်မှုအပိုင်းတွင် အမျိုးသမီးများပါဝင်နိုင်ရန် ရည်ရွယ်၍  မွန်ဒေသတွင်းရှိ အမျိုးသမီးများကြား ထဲထဲဝင်ဝင်ဆောင်ရွက်လျက်ရှိသည်။

လက်ရှိ စစ်အာဏာသိမ်းကာလတွင် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေနှင့် နယ်မြေအုပ်ချုပ်မှု ရောနှောသည့် နေရာများတွင် အမျိုးသမီးများ ကြုံတွေ့နေရသည့် အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို တာဝန်ရှိသူများမှ အရေးယူမှုအားနည်းနေကြောင်း မွန်ပြည်သစ်ပါတီနယ်မြေရှိ ဒေသခံတစ်ဦးများ၏ ပြောပြချက်အရ သိရသည်။

ပုံ-CMWO 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...