ဖာပွန်ဗျူဟာစခန်းသိမ်းတိုက်ပွဲအရှိန်မြင့်လာ၍ စစ်အုပ်စုက တကျော့ပြန်လေကြောင်းပစ်ကူပေး

ဖာပွန်ဗျူဟာစခန်းသိမ်းတိုက်ပွဲအရှိန်မြင့်လာ၍ စစ်အုပ်စုက တကျော့ပြန်လေကြောင်းပစ်ကူပေး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၊ ဖာပွန်မြို့အခြေချ စစ်အုပ်စုဗျူဟာစခန်းကုန်း သိမ်းနိုင်ရေးကြိုးပမ်းနေသည့် တော်လှန်ရေးတပ်များက ဖေဖော်ဝါရီ(၅)ရက်နေ့မှစပြီး ‌တိုက်ပွဲအရှိန်မြှင့်လာသဖြင့် စစ်အုပ်စုက တကျော့ပြန် လေကြောင်းပစ်ကူပေးနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ခုနှစ်က ဖာပွန်မြို့ပေါ်ရှိ စစ်အုပ်စု ခြေမြန်တပ်ရင်း ခမရ-၃၄၃ နှင့်ခြေလျှင်တပ်ရင်း ခလရ-၁၉ တပ်ရင်း၊ တပ်စခန်းသိမ်းတိုက်ပွဲများပြီးနောက် ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်သည့်နည်းလမ်းဖြင့် ဖာပွန်ဗျူဟာထိဆက်သိမ်းနိုင်ရေး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များက ကြိုးပမ်းနေခြင်းဖြစ်သည်။

“ဗျူဟာကုန်းကို မြေပြင်စစ်ကူမလာနိုင်လို့ လေကြောင်းစစ်ကူအားကိုးနေရတဲ့အခြေအနေပါ။ သူတို့(စစ်အုပ်စု)ဘက်ကို ကိုယ့်လူတွေကပ်နေပြီ။ အဲဒါကြောင့် ၅ ရက်နေ့ကစပြီး ဂျက်တိုက်လေယာဉ်လာလိုက်၊ Y12 လာလိုက်၊ ဒရုန်းလာလိုက်နဲ့တိုက်ကူနေတာ” ဟု တပ်မဟာ(၅) KNLA မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သုံးရက်တာ လေကြောင်းပစ်ခတ်မှုအတွင်း KNLA မဟာမိတ်တပ်ဖွဲ့ဝင်များ အထိအခိုက်ရှိသလို ကျသွားပြီးသည့်ဖာပွန်တပ်ရင်းများနေရာမှ ဗျူဟာကုန်းသို့ပြောင်းရွှေ့နေထိုင်သူ စစ်အုပ်စုမိသားစုဝင်များလည်း ထိုစခန်းအတွင်းပိတ်မိနေသည့်အနေအထားရှိကြောင်း တော်လှန်ရေးမဟာမိတ်တပ်ကဆိုသည်။

ထို့အပြင် မြေပြင်၌ နယ်ခြားစောင့်တပ်-BGF နှင့် ခွဲထွက် DKBA ဗိုလ်ဘိတပ်ဖွဲ့အကူအညီဖြင့် ထောက်ပံ့ရိက္ခာနှင့်စစ်ကူပေးနေသော်လည်း တော်လှန်ရေးတပ်များကြားဖြတ်တိုက်ခိုက်မှုကြောင့် တိုးမပေါက်နိုင်၍ လေကြောင်းအထောက်အပံ့ကိုသာ ယနေ့အထိအားကိုးနေရဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်၏ပြောပြချက်အရ သိရသည်။

စစ်အုပ်စုလမ်းကြောင်းကိုစောင့်ကြည့်နေသည့် ကမမောင်းဒေသခံတစ်ဦးက ” မြေပြင်က စစ်ကူ၊ ရိက္ခာပို့ခိုင်းပေမယ့်လည်း ကတိုင်တိပတ်ချာလည်ရွာတွေကနေ သူတို့ရှေ့တက်လာလို့မရဘူး၊ စစ်ကူတွေဖြတ်တိုက်ခံနေရတယ်။ လက်နက်ကြီးနဲ့ တစ်ချက်၊ တစ်ချက်ပစ်ကူပစ်တာမျိုးတော့ရှိတယ်။ စစ်ကြောင်းလိုက်တက်လာရင်လည်း တက်လာသမျှ ဒီဘက်ကတိုက်နေတာ” ကေအိုင်စီကို ပြောသည်။

ဖာပွန်ဗျူဟာစခန်းကုန်းတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်နှင့်မိသားစုများအပါအဝင် မူလကအင်အား ၅၀၀ ခန့်ရှိသော်လည်း နှစ်နှင့်ချီကြာမြင့်လာသည့်တိုက်ပွဲကာလတစ်လျှောက် အင်အားရာနှင့်ချီပြီးထိခိုက်သေဆုံးမှုလည်းရှိခဲ့သည်။

မူတြော်ခရိုင်တွင် ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ၁၅ ရက်နေ့ရက်ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲပေါင်း (၃၆)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင်(၇)ဦးသေဆုံး၍ (၁၀)ဦးထိခိုက်ဒဏ်ရာရသွားကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅)၏ ဇန်နဝါရီလဝက်တာစာရင်းထုတ်ပြန်ချက်က ဖော်ပြသည်။

February 7, 2026
မန်းကိုကို — ‘လုံခြုံရေး’ပညာရပ်ကို လေ့လာတဲ့အခါ ‘စွမ်းအင်လုံခြုံရေး’ဆိုတဲ့ ကဏ္ဍကို...
February 7, 2026
ကော်သူးလေနယ်မြေဒေသအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာကဏ္ဍများ၌...
February 6, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်နှင့်...
February 5, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ(၂၇၅)မှ...