မန်းကိုကို — ‘လုံခြုံရေး’ပညာရပ်ကို လေ့လာတဲ့အခါ ‘စွမ်းအင်လုံခြုံရေး’ဆိုတဲ့ ကဏ္ဍကို ချန်ထားခဲ့လို့ မရပါဘူး။ ထိုနည်း တူပဲ စွမ်းအင်ထုတ်လုပ်ဖို့နဲ့ လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အဓိက အရင်းအမြစ်တွေ ဖြစ်တဲ့ ရေ၊ ရေနံ၊ ကျောက်မီးသွေး၊ ဓါတ်သတ္တုတွေရဲ့ အရေးပါမှုတွေကိုလည်း ကျော်သွားလို့ မရနိုင်ပါဘူး။
‘စွမ်းအင်’အပေါ် အခြေခံတဲ့ နိုင်ငံရေး-စီးပွားရေး-လူမှုရေး အတက်အကျ ဆက်ဆံမှုတွေက ကမ္ဘာ့အခြေအနေတွေအ ထိ ကိုင်လှုပ်နိုင်လောက်အောင် အရေးပါ ပါတယ်။ ဒါကို မျက်နှာလွှဲထားပြီး ကိုယ့်ခေါင်း ခဲမှန်မှ တုန့်ပြန်မယ်ဆိုရင် သိပ် နောက်ကျလွန်းသွားလိမ့်မယ်။ စွမ်းအင်ကြောင့် ဒုတိယ-တတိယလူတန်းစား လူသားတွေအဖြစ် ကျန်ရစ်ခဲ့ဖို့က သေချာတယ်။
ကမ္ဘာပေါ်မှာ စွမ်းအင်လုံခြုံရေးအတွက် စီးပွားရေးကနေစပြီး စစ်ပွဲတွေအထိတောင် တာစူနေကြတယ်။ အမျိုးသား တစ်ရပ် သို့မဟုတ် နိုင်ငံတရပ်ရဲ့ အနာဂတ်အတွက် ကိုယ်အင်္ဂါတစ်ရပ်လို အရေးပါမှန်း အတိအကျ သိထားကြတယ်။ သိမ်လှီချို့တဲ့နေရင် ကမ္ဘာ့လူအုပ်ကြီးက ကိုယ့်ကျောကို တက်နင်းဖြတ်ကျော်သွားပြီး အဖက်ဖက်က အမြတ်ထုတ်ခံရမယ့် အတိတ်ခေတ်တစ်ခုမှာ ကျန်ရစ်ခဲ့မယ်ဆိုတာ နားလည်ကြတယ်။ သိသူတွေက ဖေါ်စားကျော်သွားနေချိန်မှာ ကရင်လူမျိုးတွေနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေအနေနဲ့ ‘မသိသူ’တွေအဖြစ် နေရစ်ပြီး ကျောမွဲ-နင်းပြား-အသုံးချခံတွေဘဝနဲ့ နိမ့်ကျမှုလမ်းကို ရွေးချယ်ကြမှာလားလို့ မေးစရာရှိလာတယ်။
နည်းပညာတွေ အရှိန်အဟုန်နဲ့ ထွန်းကားနေတဲ့ ခုလိုခေတ်ကာလမှာ၊ အသိဗဟုသုတတွေဟာ အလွယ်တကူ အခမဲ့နီးပါး ရနိုင်ခွင့်တွေ ပွင့်လင်းနေခဲ့ပြီ။ စက်မှုနိုင်ငံကြီးတွေရဲ့ နှစ်ပေါင်းရာနဲ့ချီတဲ့ ဖြတ်သန်းမှုနဲ့ သင်္ခန်းစာတွေကို ခွင့်တောင်းစရာမလိုဘဲ အချိန်တိုအတွင်း ကူးချသုံးစွဲခွင့်တွေလည်း ရှိနေခဲ့ပြီ။ ယဉ်ကျေးမှုနဲ့ စီမံခန့်ခွဲမှုကဏ္ဍတွေမှာ အခြေခံရှိတဲ့ တရုတ်၊ ဗီယက်နမ်လို နိုင်ငံတွေက ဒါကို အကျိုးရှိရှိ အသုံးချသွားနိုင်ခဲ့လို့ ခုလို ခေတ်ရှေ့ရောက်လာခဲ့ကြတာ ဖြစ်တယ်။
သို့သော် အခက်အခဲတွေကို နည်းလမ်းရှာဖွေ ကျော်ဖြတ်ပုံ၊ အမှားမြင် အမှန်ပြင်ခဲ့ကြပုံ၊ အကောင်းဆုံးရလဒ်တွေအ တွက် တွေးတောစီမံခဲ့ကြပုံ စံနမူနာတွေကို ကရင်တွေ ရွေးချယ်အတုယူနိုင်ကြပြီလား။ ဒါမှမဟုတ် ခေတ်အဆက် ဆက် လက်ဆင့်ကမ်းလာတဲ့ လူမှုမုန်းတီးမှု၊ သက်သေမရှိတဲ့ လောကသစ်ကြီးကိုမျှော်နေတဲ့ လက်ဝဲဝါဒ၊ အကျိုးအ ပြစ်ထက် ယုံကြည်မှုကိုပဲအခြေခံတဲ့ တစ်လမ်းမောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒတွေကို ဆုပ်ကိုင်ရင်း ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် နွံနစ်နေကြသလားလို့ မေးခွန်းထုတ်ဖို့ လိုအပ်ပါတယ်။
အမေရိကန်မှာဆိုရင် ကုန်ကျစရိတ် များနေသေးလို့ မထုတ်ဘဲထားတဲ့ အရံရေနံသိုက်က နောက်ထပ် နှစ် ၄၀၀ ကျော်အတွက် လုံလောက်တယ်။ သြစတြေးလျမှာလည်း စိုထိုင်းဆများတဲ့ ကျောက်မီးသွေးသိုက်တွေကို နောက်ထပ် နှစ်-၅၀၀ နီးပါး ထုတ်လို့ရသေးတယ်။ စက်ရုံဧကရာဇ် တရုတ်နိုင်ငံဆိုရင် ၂၀၂ဝ ကျော်ကာလတွေမှာ ၂ ပတ်ကို ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ ၁ ရုံနှုန်း တိုးချဲ့တည်ဆောက်နေခဲ့တယ်။ အိန္ဒိယဆိုရင်လည်း အစစဈေးကြီးတဲ့ သြစတြေးလျမှာ အကြီးဆုံးကျောက်မီးသွေးထုတ်လုပ်ဖို့ ရင်းနှီးမြှုပ်နှံမှု စာချုပ်ချုပ်ထားတယ်။ စွမ်းအင်လုံခြုံရေးအတွက် တွက်ချက်မှုနဲ့ မဟာဗျူဟာကျကျ လှုပ်ရှားနေခဲ့ကြတဲ့ စံနမူနာတွေပါ။
သယံဇာတ ပေါကြွယ်ဝပါတယ်ဆိုတဲ့ ဗမာပြည်ကတော့ ကျွန်းသစ်တွေလည်း ပြောင်ပြီ။ ကျောက်စိမ်းတောင်ကြီးတွေလည်း တွင်းနက်ကြီးတွေ ဖြစ်ကုန်ပြီ။ လူတွေလည်း အလုပ်အကိုင်နဲ့ ဝင်ငွေကောင်းတဲ့အရပ်တွေဆီ အလုအယက် ထွက်ကုန်ကြပြီ။ ယေးလ်တက္ကသိုလ်ရဲ့ ဆောင်းပါးတစ်ပုဒ်မှာဆို ဒီနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ မြေရှားတူးနေ တဲ့ ၆၃နေရာကို ဂြိုလ်တုဓါတ်ပုံတွေကတဆင့် သက်သေပြခဲ့တယ်။ အဆိပ်သင့်မှုတွေက ပျံ့နှံ့နေပြီလို့ ဆိုနိုင်တယ်။ ဒီပေးဆပ်မှုတွေအတွက် လူထုအပေါ် အကျိုးဖြစ်ထွန်းမှုတွေ အထင်အရှားမရှိတာတော့ သေချာပါတယ်။
တစ်ဖက်မှာကြည့်တော့ ကမ္ဘာမှာ သန့်ရှင်းစွမ်းအင်ဆိုပြီး လေအား၊ နေအား၊ ရေအားနဲ့ စွမ်းအင်တွေထုတ်ဖို့ အားပေးနေကြတယ်။ တချိန်ထဲမှာပဲ လေထုညစ်ညမ်းတဲ့ အရင်းအမြစ်တွေကို အခြားနိုင်ငံကိုရောင်း၊ လေအားဒလက်တွေကို ရေနံထွက်ကုန်တွေနဲ့ လုပ်၊ နေစွမ်းအင်ထုတ်ဖို့ လူမြင်ကွင်းမှာ မရှိတဲ့ ကမ်းခြေတွေက သဲတွေကို တူး၊ ရေအားထုတ်ဖို့ ရွာတွေမောင်းထုတ်၊ လူ့ဘဝတွေ ဖျက်ဆီးပြီး အပြောနဲ့အလုပ်မညီတဲ့ ကြောင်သူတော်လုပ်ရပ်တွေကို အကောင်အထည်ဖေါ်နေကြပြန်တယ်။
‘သာယာဝပြောသော လူ့ဘောင်သစ်ကြီး’ဆိုတဲ့ သက်သေမရှိတဲ့ မျှော်လင့်ချက်တွေနဲ့ သန့်ရှင်းတဲ့ စွမ်းအင်တွေဆီ ဦးတည်နေကြပေမယ့် အလှပြင်ပစ္စည်းက အစ၊ အိမ်ဆောက်ပစ္စည်း အလယ်၊ နေ့တိုင်း မဖြစ်မနေ သုံးနေကြရတဲ့ ပလပ်စတစ်ပစ္စည်းတွေ အဆုံး ‘ရေနံ’ကနေ ထုတ်လုပ်နေရတာကိုတော့ အစားထိုးဖို့ နည်းလမ်းမရှာနိုင်ကြသေးပါဘူး။ စိတ်ကူးယဉ်အဆင့်မှာပဲ တဝဲဝဲလည်တုန်းပါ။
ကရင်ဒေသတွေမှာလည်း ပတ်ဝန်းကျင်ကို မတန်တဆ ပျက်စီးစေတဲ့ လုပ်ရပ်တွေရှိသလို စီမံခန့်ခွဲမှု အားနည်းချက် ကြောင့် အုတ်အော်သောင်းတင်း အဖြစ်တွေလည်း ဖြစ်နေခဲ့တယ်။ လူသိအများဆုံး ဖြစ်ရပ်တစ်ခုကတော့ ကရင်ပြည် နယ်ဝန်ကြီးချုပ်ရဲ့ ‘ရေမည်း’သောက်ပြတဲ့ ဖြစ်ရပ်မျိုးပါ။ နိုင်ငံရေးလိုအပ်ချက်အရ လုပ်ပြခဲ့ရတာဖြစ်သလို တစ်ဖက် မှာလည်း ကျောက်မီးသွေး သိုလှောင်၊ ထိန်းသိမ်း၊ သုံးစွဲမှုကို ဥပဒေနဲ့ ထိန်းကွပ်မှု မရှိတာကို ပြနေတယ်။ ညစ်ညမ်းတဲ့ စက်ရုံ အလုပ်ရုံတွေကို လူနေဒေသနဲ့ ဝေးရာမှာ နေရာချဖို့ လိုအပ်ရင် ပတ်ဝန်းကျင်က မြေယာတွေကို ပေါက်ဈေးနဲ့ လျော်ကြေးပေး၊ လူနေရပ်ဝန်းကနေ ဝေးအောင်ခွာပြီး အန္တရာယ်လျှော့ချဖို့ လိုအပ်ပါတယ်။ ဒါတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သာမန်လုပ်ထုံးလုပ်နည်းတွေပါ။ သိအောင်လုပ်ဖို့နဲ့ အသုံးချဖို့ပဲ လိုပါတယ်။
ဘယ်လိုပဲဖြစ်ပါစေ ခေတ်အခါအရ ရှင်သန်ဖို့နဲ့ လူမှုအဆောက်အုံကြီး လည်ပတ်ဖို့ မဖြစ်မနေ စွမ်းအင်တွေ လိုအပ်ပါ တယ်။ တနေရာရာကနေ တနည်းနည်းနဲ့ ဖန်တီး ဖြန့်ဖြူးဖို့ လိုတယ်။ ပေးဆပ်မှုတချို့လည်း လုပ်ရပါလိမ့်မယ်။ တချိန်တုန်းကဆို အေးခဲတဲ့ ဆောင်းတွင်းအအေးဒဏ်ကို အန်တုဖို့ ကျောက်မီးသွေးတွေနဲ့ မီးဖိုခဲ့တဲ့ လန်ဒန်မြို့ဟာ နေမမြင်ရ လောက်အောင် ပိတ်ဖုံးတဲ့ကာလတွေ ရှိခဲ့ဖူးတယ်။ ဓါတုအဆိပ်သင့်တာ၊ ချောင်းတွေမြောင်းတွေညစ်ညမ်းတာ၊ တော တောင်ပျက်စီးတာ၊ သက်ရောက်ခံရသူတွေရဲ့ တရားရေးတိုက်ပွဲတွေဟာ ကမ္ဘာအနှံ့ ရှိခဲ့တယ်။ နောင်လည်း ရှိနေအုံးမှာ မို့ ရင်ဆိုင်ကြရမှာပဲ။ ပေးဆပ်မှုနဲ့ အကျိုးကျေးဇူးတွေရဲ့အကြား ချိန်ခွင်လျှာ ညှိနိုင်ဖို့ပဲ အားစိုက်ကြရမှာပါ။
ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ဆိုတဲ့ အကြောင်းပြချက်တခုထဲနဲ့ လူ့ဘဝတွေကို ရပ်တန့်လိုက်လို့ မရပါဘူး။ အခုဆို လူတိုင်း ကလည်း ဖုန်း၊ ကွန်ပြူတာ၊ သတင်းစာ စသည်ဖြင့် တနည်းတဖုံနဲ့ အကြောင်းအရာတွေကို ဖတ်နေကြမှာပါပဲ။ အားလုံး ဟာ စွမ်းအင်တွေရဲ့ အကူအညီနဲ့ လည်ပတ် အလုပ်လုပ်နေကြတဲ့ ထုတ်ကုန်တွေချည်းပါပဲ။ ဒါဟာ ရှောင်လွှဲလို့ရနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး။
တစ်ခုတည်းသော လုပ်နိုင်ကြတာကတော့ ‘ရွေးချယ်မှု’ပါ။ စွမ်းအင်ကို ဝယ်ယူသုံးစွဲမလား၊ ဒါမှမဟုတ် ကိုယ်တိုင်ထုတ် လုပ်မလား။ ကိုယ့်သားသမီး မြေးမြစ်တွေကို သူတစ်ပါး နင်းကျော်၊ အမြတ်ထုတ်နိုင်မယ့် ခြေနင်းခုံတွေအဖြစ် အမွေ ပေးခဲ့မလား၊ ဒါမှမဟုတ် ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ မျိုးဆက်တွေဖြစ်အောင် လက်ဆင့်ကမ်းဖို့ ကြိုးစားမလားဆိုတာ မဖြစ်မနေ စဉ်းစားရွေးချယ်ကြရပါလိမ့်မယ်။
အစကို ပြန်ကောက်ရရင် ဒီဆောင်းပါးဟာ ‘စွမ်းအင်’ကို ဦးတည်ပေမယ့် လူသားအစိတ်အပိုင်းတွေဖြစ်တဲ့ လူမှု-စီးပွား-စစ်-နိုင်ငံရေးကဏ္ဍတွေ လုံခြုံမှုပြည့်ဝဖို့ကိုလည်း မျက်နှာလွဲထားဖို့ မဖြစ်နိုင်ပါဘူး။ ဟန်ချက်ညီညီ တိုးပွားပြည့်ဝလာဖို့ လိုတယ်ဆိုတဲ့ ‘အသိ’ကိုယ်စီလည်း စိတ်ထဲမှာရှိထားဖို့ လိုပါတယ်။ ဒါမှလည်း ကရင်လူမျိုးတွေနဲ့ အတူယှဉ်တွဲ နေထိုင် နေသူတွေအားလုံး ပိုကောင်းတဲ့အနာဂတ်တွေကို အတူ တည်ဆောက်ဖို့အသင့်ဖြစ်နေပြီး အခွင့်အလမ်းပေါ်လာတာနဲ့ ချက်ချင်း အမိအရ ဖမ်းယူဆုပ်ကိုင်နိုင်ကြမှာပါ။
အကောင်းဆုံး အနာဂတ်ကိုယ်စီ ပိုင်ဆိုင်ကြဖို့ ဆန္ဒပြုလိုက်ပါရစေ။
(ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၆)







