သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ထောင်ဝန်ထမ်းတစ်ဦးကိုသတ်ပြီး ထောင်ဖောက်ထွက်ပြေးသွားသည့် အကျဉ်းသားငါးဦးသည် စက်လှေဖြင့်ထွက်ပြေးသွားသည်ဟု မြို့ခံများက ပြောသည်။
ထောင်ဖောက်ထွက်ပြေးသွားသည့်အကျဉ်းသားငါးဦးမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ညကတည်းက ငလပွေ့ချောင်းမှတဆင့် စက်လှေဖြင့်ထွက်ပြေးသွားသည်ကို ငါးဖမ်းထွက်သူအချို့မြင်လိုက်ရသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ငလပွေ့ချောင်းမှာ နေဗီက ညနေပိုင်းအထိရှိတယ်။ ညနည်းနည်းမှောင်ပြီဆို ကင်းလှည့်ထွက်တယ်။ အဲဒီအချိန်မှာ ခိုးထွက်တာ။ သူတို့ထွက်တာကို ငါးဖမ်းသမားတွေမြင်ခဲ့တာ။ ဘယ်ကိုပြေးသွားလဲတော့ မသိဘူး။ စက်လှေငယ်နဲ့သွားတာ"ဟု ပြောသည်။
အဆိုပါအကျဉ်းသားငါးဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်၊ နေ့လယ်က ကျောက်ဖြူအကျဉ်းထောင်မှ ထောင်ဝန်ထမ်းတစ်ဦးကို စူးဖြင့်ထိုးကာ ထွက်ပြေးသွားခြင်းဖြစ်သည်။
ထောင်ဝန်ထမ်းကို ထိုးသတ်စဉ်က တခြားထောင်ဝန်ထမ်း ငါးဦးလည်းရှိနေပြီး ရန်လုပ်မည်စိုးရိမ်သဖြင့် အနားမှထွက်ပြေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ထွက်ပြေးသွားသည့် အကျဉ်းသားများသည် ကျောက်ဖြူဇာတိဖြစ်ပြီး ဒုစရိုက်မှုတို့ဖြင့် နှစ်ရှည် ထောင်ချခံထားရသူများဖြစ်ကြောင်း သိရသည်။
သူတို့ကို ရဲနှင့်စစ်သားများက ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်အထိ တအိမ်ဝင်တအိမ်ထွက် လိုက်ရှာနေသော်လည်း ဖမ်းမိနိုင်ခြင်းမရှိသေးဟု မြို့ခံတစ်ဦးက နိရဉ္စရာကို ပြောသည်။
"အုပ်ချုပ်ရေးမှူးကတော့ ဧည့်စာရင်းတိုင်ကြတဲ့သူစိမ်းမြင်ရင် ပြောလို့ပြောထားတယ်။ အရင်ကထက် ပိုပြီးစစ်တယ်"ဟု ပြောသည်။
ကျောက်ဖြူမြို့ခံများသည် စစ်ရေးထက် ခိုးဆိုးလုယက်မှုများနှင့် ထောင်ပြေးများ၏ပြင်ပရန်များကို ကြောက်လန့်နေရပြီး စိတ်လုံခြုံမှုမရှိတော့ဟု ဒေသခံများက ပြောသည်။







