Black List ဖြေလျှော့ခွင့်ရှိသော်လည်း CDM အများစု အမည်စာရင်းပယ်ဖျက်ရန် မဆက်သွယ်

Black List ဖြေလျှော့ခွင့်ရှိသော်လည်း CDM အများစု အမည်စာရင်းပယ်ဖျက်ရန် မဆက်သွယ်

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်သူဝန်ထမ်းများ ပြစ်မှုကျုးလွန်ခြင်းမရှိပါက အမည်စာရင်း Black List မှ ဖြေလျှော့ခွင့်ပြုမည်ဟုဆိုသော်လည်း ပြည်တွင်း၊ ပြည်ပရှိ CDM အများစု အမည်စာရင်းပယ်ဖျက်ရန် ဆယ်သွယ်လိုသူမရှိကြောင်း CDM အသိုင်းအဝိုင်းများမှ သိရသည်။

စစ်ကော်မရှင် ပြန်ကြားရေးအဖွဲ့မှ CDM ဝန်ထမ်းများ မိမိတို့ ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် သက်ဆိုင်ရာ ဌာနဆိုင်ရာရုံး၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်း၊ မြန်မာသံရုံး၊ စစ်သံရုံးနှင့် ကောင်စီဝန်ချုပ်ရုံးများသို့ Blacklist အမည်စာရင်းမှ ဖြေလျှော့ခွင့်အတွက် ဆက်သွယ်နိုင်ကြောင်း  ဇန်နဝါရီ ၃၁ ရက်နေ့က သတိပေး တိုက်တွန်းထားသည်။

CDM ဝန်ထမ်းများသည် ယခုတွင် အလုပ်လက်မဲ့များမဟုတ်တော့ကြောင်း၊ မူလဝန်ထမ်းနေရာသို့ ပြန်လည်လုပ်ကိုင်လိုသူမရှိကြောင်း၊ သက်ဆိုင်ရာသို့ အဆင့်ဆင့်တောင်းဆိုရမည့်အပြင်၊ စစ်ကော်မရှင်၏ ထောင်ချောက်လည်းဖြစ်နိုင်သဖြင့် အယုံကြည်မရှိကြောင်း မော်လမြိုင်မြို့မှ CDM တစ်ဦးက IMNA သို့ ပြောသည်။

“Black List ထိထားတဲ့သူကလည်း ဒီတိုင်းဖြေပေးတာမဟုတ်ဘူး၊ သူတို့ request လုပ်ခိုင်းထားတဲ့ ပုံစံဖြစ်နေတယ် ဖြေလျှော့ပေးဖို့ကို တစ်ခါသွားရုံနဲ့မပြီးဘူး၊ အဆင့်ဆင့်လုပ်ရတဲ့အခါကျတော့ တော်ရုံဆိုမသွားကြတာများတယ်၊ နှစ်တွေလည်းကြာပြီဆိုတော့ တော်တော်များများလည်း နေသားကျသွားကြတယ်၊ ဝန်ထမ်းအသိုင်းအဝိုင်းနဲ့ မပတ်သက်ဖြစ်တော့ဘူး။ စည်းခြားထားသလို ဖြစ်သွားတာပေါ့” ဟု ဆိုသည်။

CDM ဝန်ထမ်းများ သက်ဆိုင်ရာဌာနသို့ ပြန်လည်ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်လိုပါက တရားဝင်ဆက်သွယ်အကြောင်းကြားရမည်ဖြစ်ပြီး၊ စိစစ်ပြီးမှသာ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခွင့်ပြုသင့်၊ မပြုသင့်ကိုဆောင်ရွက်မည်ဟုလည်း ကြေညာထားသည်။

ပြည်ပတွင် CDM ဝန်ထမ်းများ ၅ နှစ်တာကာလအတွင်းရုန်းကန်လာခဲ့ပြီးဖြစ်ပြီး၊ အတည်တကျဖြစ်သွားသည့် အနေအထားဖြစ်သောကြောင့် ရပ်တည်ချက်နှင့် သိက္ခာအရ ပြန်ဆက်သွယ်သူမရှိသလောက် ဖြစ်နေသည်ဟု လွတ်မြောက်နယ်မြေရောက် CDM ဆရာမတစ်ဦးက ဆိုသည်။

“ CDM တွေက ၅ နှစ်တာလုံးလုံးကြံကြံခံ လာပြီးတော့မှ ဘယ်လိုမှကိုမဝင်ကြဘူး၊ ဝင်ဖို့ကိုမရှိတော့ဘူး၊ ရုန်းကန်ခဲ့ရပြီးပြီး အခက်အခဲတွေလည်း ကြုံခဲ့ရပြီးပြီး၊ CDM တွေကိုအကုန်ဖမ်းရင်တော့ ပြန်ဝင်ချင်ဝင်မှာပေါ့ အခုအချိန်ဝင်ဖို့က သိက္ခာအရရော၊ ရပ်တည်ချက်အရ‌ရော ဘယ်သူမှ ပြန်မဝင်ကြတော့ပါဘူး”ဟု ဆိုသည်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ပြည်ထောင်စုဝန်ကြီးဌာနမှ နိုင်ငံဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရဘဲ လုပ်ငန်းခွင်ကိုစွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာန၏ အမည်မည်းစာရင်းမှာပါဝင်နေပြီး နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများဖြစ်ပေါ်သည့်အပြင် ကာယကံရှင်၏လူမှုဘဝလည်း နစ်နာနေရသည်ဟု စစ်ကော်မရှင်ကဆိုသည်။

ပြည်တွင်းစားဝတ်နေရေး မပြေလည်မှုနှင့် အခက်အခဲအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသူ CDM ဝန်ထမ်းအချို့ Black list အမည်စာရင်းမှ ဖယ်ရှားနိုင်ရေး မိမိတို့သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းမှုလုပ်ဆောင်သူများလည်း ရှိနေသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုအတွက် လုပ်ငန်းခွင်စွန့်ခွာပြီး CDM ပြုလုပ်သွားသည့် ဝန်ထမ်းအများစုသည် ပညာရေးဝန်ကြီးဌာနှင့် ကျန်းမာရေး ဝန်ထမ်းအများဆုံး ပါဝင်ကြောင်း သိရသည်။

အာဏာသိမ်းကာလတစ်လျှောက် စစ်ကော်မရှင်၏ အဓိကပစ်မှတ်ထားဖမ်းဆီးခံရမှုတွင် CDM ကျန်းမာရေးဝန်ထမ်းများဖြစ်ပြီး  အခြားဌာနမှကျန်ရှိနေသည့် CDM များကို ပြည်ပထွက်ခွာခွင့်ပိတ်ထားခြင်းနှင့် ဖမ်းဆီးစစ်ဆေးခြင်းများလည်း လုပ်ဆောင်နေသည်။

ရွေးကောက်ပွဲပြီးနောက် CDM များကို ဖြေလျှော့ပေးမှုများ လုပ်ဆောင်နေသည့်ပြယုက်ကို ပြည်တွင်းနှင့် နိုင်ငံတကာထံ ဝါဒဖြန့်သည့်အနေဖြင့် စစ်အုပ်စုမှလုပ်ဆောင်နေသည်ဟုလည်း တော်လှန်ရေးအသိုင်းအဝိုင်းမှ ပြောဆိုလျက်ရှိသည်။

April 28, 2026
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အောက်ပိုင်းကျေးရွာများမှ ဘေးလွတ်ရာသို့...
ပုံ-Myanmar Red Cross Society
April 27, 2026
ယခုနှစ်နွေရာသီ အပူချိန်မြင့်မားခြင်းကြောင့် မွန်ပြည်နယ်မြို့ပေါ်နှင့် ကျေးလက် ဆေးရုံ၊...
ပုံ- တနင်္သာရီစစ်ဘေးရှောင်
April 25, 2026
စစ်ကော်မရှင်အဖွဲ့ထံ ချိတ်ဆက်လှုဒါန်းထားသည့် နိုင်ငံတကာအထောက်အပံ့များသည်...
April 25, 2026
မာံသဟာဲ (မင်းစဟိုင်း) — မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)၊ ကမာမိုကျေးရွာတွင်...