ပြည်မရောက် ရခိုင်လူမျိုးများ ခရီးသွားခွင့်ကို စစ်ကောင်စီ ပြန်လည် တင်းကျပ်လာ

ပြည်မရောက် ရခိုင်လူမျိုးများ ခရီးသွားခွင့်ကို စစ်ကောင်စီ ပြန်လည် တင်းကျပ်လာ
အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ခရီးသည် ပို့ဆောင်ရေးကားဂိတ်တစ်ခု။ ဓာတ်ပုံ- Htet Aung -Facebook
အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ခရီးသည် ပို့ဆောင်ရေးကားဂိတ်တစ်ခု။ ဓာတ်ပုံ- Htet Aung -Facebook

အာရက္ခတပ်တော်ထံ စစ်ရေးအရ ရှုံးနိမ့်မှုများကို ရင်ဆိုင်နေရသော စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီလ ကုန်းပိုင်းမှ စ၍ ရခိုင်ပြည် မှတ်ပုံတင် ၁၁ မျဉ်းစောင်း ကိုင်ဆောင်သူများအပေါ် ခရီးသွားလာခွင့် ပြန်လည်တင်းကျပ်လာနေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်လကလည်း ရခိုင်၊ ရှမ်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့မှ ခရီးသွားများကို စစ်ဆေးရေး တင်းကျပ်ခြင်း၊ ကန့်သတ်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများ ရှိပြီး ယခုအခါလည်း တကျော့ပြန် ပြန်လည်တင်းကျပ်လာခဲ့ခြင်းဖြစ်သည်။ 

ခရီးသွားလာခွင့် ကန့်သတ်မှုများ တင်းကျပ်လာသဖြင့် ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းအတွင်းရှိ အဝေးပြေး ယာဉ်ရပ်နားစခန်းများတွင် မှတ်ပုံတင် အပါအဝင် သက်ဆိုင်ရာ ရဲစခန်း၊ ရပ်ကွက် ထောက်ခံစာများပါမှ ရခိုင်ဒေသခံများကို လက်မှတ်ရောင်းချခြင်းဖြစ်သည်။ 

“ ဇန်နဝါရီလကုန်းပိုင်းက စလို့ ရခိုင်၊ ရှမ်းနဲ့ စစ်ကိုင်းတို့ မကွေးတို့က ခရီးသည်တွေ ပါလာရင် အစစ် အဆေးက အရမ်းကြမ်းပြီး ကားကိုပါ ပေးမထွက်တာ ကြုံလာရတယ်။ ရခိုင်မှတ် ပုံတင်ကိုင်ဆောင်ထားတဲ့ သူပါလာရင် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေပါ ငွေကြေးတောင်းခံတာ၊ ခြိမ်းခြောက်တာတွေ လုပ်လာတာ” ဟု ရန်ကုန်ရှိ အောင်မင်္ဂလာအဝေးကားဂိတ်မှ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီ၏ လုပ်ရပ်များမှာ ပြည်မရောက် ရခိုင်လူမျိုးတို့မှာ နိုင်ငံသားတစ်ဦး၏ အခြေခံ အခွင့်အရေးဖြစ်သော လွတ်လပ်စွာ ခရီးသွားလာခွင့်ကို ခြိမ်းခြောက်ခံလာခြင်းလည်းဖြစ်ကြောင်း ပြောဆိုကြသည်။ 

“ မှတ်ပုံတင်ရော၊ ရဲစခန်းက ပေးတဲ့ ခရီးသွားထောက်ခံစာပါ အပြည့်အစုံပါမှ လက်မှတ်ရမယ်ဆိုပြီး ယာဉ်လိုင်းပိုင်ရှင်တွေ ပြောတယ်။ ရခိုင်မှတ်ပုံတင်ဆိုရင် လက်မှတ်ရောင်းဖို့တောင် ကြောက်နေကြတဲ့ ယာဉ်လိုင်းတွေ တောင်ရှိလာတာကြောင့် ခရီးသွားရတာ အဆင်မပြေလာတာတွေ ကြုံလာရတယ် ” ဟု ရန်ကုန်ရောက် ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။ 

ရခိုင်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ပြီးနောက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်ပါအဝင် ကုန်စည်စီးဆင်းမှု ဖြတ်တောက်ခံရခြင်း စသည့် အကျပ်တည်းများကြောင့် ပြည်မဘက်သို့ တိမ်းရှောင် နေကြသော ရခိုင်လူမျိုး အမြောက်အများ ရှိနေသည်။

လမ်းခရီးတလျှောက် စစ်ကောင်၏ စစ်ဆေးရေးဂိတ်များတွင် ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူများကို ဖမ်းဆီးခြင်းနှင့် ငွေညှစ်ခြိမ်းခြောက်ခြင်းများလည်း ရှိနေသဖြင့် ရခိုင်များအနေဖြင့် မဖြစ်မနေ ကိစ္စရပ်များမှ လွဲ၍ ခရီးမသွားလာရန် တိုက်တွန်းမှုများ ရှိနေသည်။

“ AA ဆီမှာ စစ်ရေးရှုံးနိမ့်မှု တစ်ခုခု ကြုံတွေ့ရတဲ့အခါတိုင်း အဲဒီ စစ်ကောင်စီက ရခိုင်ပြည်သူတွေကို လူမျိုးရေး အငြိုးအတေးထားပြီး အကြမ်းဖက်တာတွေ၊ နှောင့်ယှက်တာတွေ ရှိတာမို့ ပြည်မဘက်က ရခိုင်တွေအနေနဲ့ ဂရုစိုက်ပြီး နေထိုင်၊ သွားလာကြဖို့ လိုအပ်တယ် ” ဟု ရန်ကုန်တွင် နေထိုင်သော ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်တွင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နှင့် ကန့်ဘလူ မြို့နယ်ကြားရှိ ကိုးတောင်ဘို့တပ်စခန်းကို AA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များထံ လက်လွှတ်ခဲ့ရသည်။

အလားတူ ပန်းတောင်းမြို့နယ်ရှိ ကပစ ၁၆ ၏  ကာကင်းစခန်းတစ်ခု ဖြစ်သော  ပွိုင့် ၆၆၆ စခန်းကုန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်တွင် AA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားကြောင်း သိရသည်။

ထိုသို့ စစ်ရေးတွင် အရှုံးနှင့် ရင်ဆိုင်နေရမှုကို လူမျိုးရေးဆန်ဆန် ခွဲခြားဆက်ဆံလာနေသည့် စစ်ကောင်စီ လုပ်ရပ်သည် လူငယ်များအပေါ် တော်လှန်ရေးလမ်းစဉ်သို့ တွန်းပို့ရာ ရောက်နေကြောင်းလည်း သုံးသပ်နေကြသည်။

Most read this week

March 18, 2026
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီသည် အသေခံ ဒရုန်းများဖြင့်...
ကျောက်ပန္ဒူ- စေတီပြင် မေယုတောင်ကျော်လမ်းတစ်နေရာကို ၂၀၂၆၊ မတ်လအတွင်း တွေ့ရစဥ်။
March 17, 2026
မောင်တောမြို့နယ်တောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ် မယူကမ်းဒေသတို့ကို ဆက်သွယ်ထားသည့် ကျောက်ပန္ဒူ...
March 16, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ စေတီပြင်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁,...
လေကြောင်းအသိပညာပေးနှင့် တားမြစ်ချက် ထုတ်ပြန်ထားခြင်း။ ဓာတ်ပုံ- GEM
March 14, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ဒေသက ပြည်သူများ လေကြောင်းအန္တရာယ်ကို ပိုမိုသတိပြုနိုင်စေရန်အတွက် ULA...